မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့လက်ဖက် ပွဲတော်ကျင်းပ

Xinhua,    March 02, 2026
Size:

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ဖက် (လက်ဖက်ရွက်) ပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိပြီး လက်ဖက်၏ ယဉ်ကျေးမှု၊ သမိုင်းနှင့် အမှတ်သင်္ကေတဆိုင်ရာ အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိသည်။အဆိုပါပွဲလက်ဖက်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) နှင့် မြန်မာနိုင်ငံလက်ဖက်အသင်းတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

MCHT ၏ အဆိုအရ အဆိုပါလက်ဖက်ပွဲတော်သည် မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများတွင် စိုက်ပျိုးသော လက်ဖက်ခြောက်နှင့် မြေပြန့်ဒေသထွက် ဆီနှင့် အကြော်အလှော်များကို ပေါင်းစပ်ထားခြင်းကြောင့် ၎င်းသည် နိုင်ငံအတွင်းရှိ မတူကွဲပြားသော ဒေသများနှင့် တိုင်းရင်းသားလူမျိုးစုများအကြား စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုနေခြင်း ဖြစ်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေး၏ သင်္ကေတတစ်ခုဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ စိမ်းလန်းစိုပြည်၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာ့လက်ဖက် ပွဲတော်ကျင်းပသည့်မြင်ကွင်းများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- MCHT)

အဆိုပါပွဲတော်သည် မြန်မာနိုင်ငံ၏ တစ်မူထူးခြားသော “လက်ဖက်စို” ယဉ်ကျေးမှုကို နိုင်ငံတကာမှ ပိုမိုအသိအမှတ်ပြုလာစေရန်နှင့် လူအများက ၎င်းကို ပိုမိုနားလည်၊ တန်ဖိုးထား၊ ထိန်းသိမ်းလာနိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

လေးရက်ကြာ ကျင်းပသည့် ဤပွဲတော်အတွင်း ဒေသအသီးသီးမှ လက်ဖက်နှင့် လက်ဖက်နှင့်ပတ်သက်သော ထုတ်ကုန်များကို ပြခန်းပေါင်း ၁၇ ခန်းတွင် ခင်းကျင်းပြသထားပြီး အခြားသော ပြခန်း ၁၀ ခန်းတွင် တိုင်းရင်းသားအစားအစာများ ပြသထားကြောင်း သိရသည်။

တိုင်းရင်းသားရိုးရာ အကအလှများအပါအဝင် ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်များ၊ လက်ဖက်အကြောင်း စကားဝိုင်းများ၊ အမေးအဖြေကဏ္ဍများ၊ လက်ဖက်စားပြိုင်ပွဲများနှင့် လက်ဖက်ကို ရိုးရာနည်းလမ်းအတိုင်းသာမက အသင့်စားလက်ဖက်ပြင်ဆင်ပုံအဆင့်ဆင့် သရုပ်ပြသမှုများကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။
မြန်မာနိုင်ငံ လက်ဖက်အသင်း ဥက္ကဋ္ဌ ဦးဝင်းနိုင်က လက်ဖက်ပွဲတော်က အနာဂတ်တွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်

လက်ဖက်က မတူညီသော ဒေသများနှင့် တိုင်းရင်းသားလူမျိုးများမှ စိုက်ပျိုးရေးထွက်ကုန်များကို ပေါင်းစပ်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထင်ဟပ်စေကြောင်း ၎င်းကဆိုသည်။”လက်ဖက်က ကျွန်တော်တို့စားရုံပဲမဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ လူနေမှုပုံစံနဲ့ရော ဓလေ့ထုံးတမ်းတွေနဲ့ပါ နီးနီးကပ်ကပ် ဆက်နွှယ်နေပါတယ်” ဟု ၎င်းကပြောသည်။

လက်ဖက်ကို အလှူအတန်းတွေမှာလည်း ဧည့်ခံသလို၊ ပဋိပက္ခတွေ ဖြစ်တဲ့အခါမှာလည်း ပြန်လည်သင့်မြတ်ခြင်းရဲ့ ပြယုဂ်အဖြစ် လက်ဖက်စားပြီးကျေအေးခြင်းကို ပြုလုပ်ကြပြီး၊ လူတွေအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ ငြိမ်းချမ်းရေးကို ကိုယ်စားပြုပါတယ်” ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

အဆိုပါလက်ဖက်ပွဲတော်တွင် စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် စျေးကွက်ချိတ်ဆက်မှု ချဲ့ထွင်ရန်အတွက် မြန်မာနိုင်ငံ လက်ဖက်လုပ်ငန်းရှင်များအသင်းနှင့် လက်ဖက်လုပ်ငန်း လုပ်ကိုင်သူများအကြား နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခြင်းအစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။

Cafe Salween စားသောက်ဆိုင်ပိုင်ရှင် ဦးရဲထွန်းဦးက ရိုးရာနှင့် ဆန်းသစ်တီထွင်မှုတို့ကို ပေါင်းစပ်ကာ ၂၀၁၇ ခုနှစ်တွင် ၎င်း၏ စားသောက်ဆိုင်လုပ်ငန်းကို ကော်ဖီ၊ မြန်မာ့အမွေအနှစ် အစားအစာများနှင့် ဒေသထွက် အချိုပွဲများ ပေါင်းစပ်ကာ လုပ်ငန်းကို စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။မျိုးဆက်အလိုက် ထိန်းသိမ်းလာခဲ့သည့် ရှားပါးသော တော်ဝင်ဟင်းချက်နည်းများ စုစည်းထားသည့် မြန်မာ့ဧကရာဇ် မီနူးကို ‌ဝန်ဆောင်မှုပေးသည့် တစ်ခုတည်းသောနေရာနှင့် စားသောက်ဆိုင်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ဒါကြောင့် ပြပွဲမှာ ပါဝင်ပစ္စည်း ၁၅ မျိုးနဲ့ ကျွန်တော်တို့ရဲ့ အထူး တော်ဝင်နန်းတွင်း လက်ဖက်အစုံကို ပြသခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“နိုင်ငံခြားသားဧည့်သည်တွေ ကိုယ့်စားသောက်ဆိုင်ကို လာတဲ့အခါ မြန်မာရဲ့ ရိုးရာအစားအစာတွေကို စားသောက်ရတယ်။ ဒီလိုနည်းနဲ့ ယဉ်ကျေးမှုကို ပြသပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ လက်ဖက်အသင်း၏ ပြောကြားချက်အရ မြန်မာ့လက်ဖက်ကို လက်ဖက်စိုနှင့် လက်ဖက်ခြောက်အဖြစ် စင်ကာပူ၊ မလေးရှား၊ ဩစတြေးလျ၊ အမေရိကန်၊ ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အဓိက တင်ပို့နေကြောင်း သိရသည်။
ပွဲတော်အတွင်း လာရောက်ကြည့်ရှုသူများကလည်း ၎င်းတို့၏ အတွေ့အကြုံများကို မျှဝေကြသည်။ “လက်ဖက်စကားဝိုင်းနှင့် ဉာဏ်စမ်းကဏ္ဍ” တို့သည် လက်ဖက်ဟင်းလျာအသစ်များစွာကို ရှာဖွေတွေ့ရှိရန် ကူညီပေးခဲ့သည်ဟု အသက် ၃၀ အရွယ် မကေဇင်အောင်က ပြောသည်။
“အရင်တုန်းကတော့ လက်ဖက်သုပ် နှစ်မျိုးလောက်ပဲ သိခဲ့ပေမယ့် အခုချိန်မှာတော့ အမည်အမျိုးမျိုးနဲ့ လက်ဖက်ရွက်နဲ့ လုပ်ထားတဲ့ အချိုရည်မျိုးတွေတောင် တွေ့ဖူးခဲ့ပါပြီ” ဟု မကေဇင်အောင်က ဆိုသည်
အသက် ၃၄ နှစ်အရွယ် မဂရေ့စ်မြင့်ထူးက ပြည်ထောင်စုနေ့နှင့် လက်ဖက်ပရိုမိုးရှင်းပွဲကို ပူးတွဲကျင်းပရန် ကချင်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားကြောင်း သိရသည်။
“ကျွန်မက လက်ဖက်ကို အရမ်းကြိုက်ပါတယ်။ ကျွန်မခရီးတွေသွားတဲ့အခါတိုင်း လက်ဖက်ကိုသယ်သွားလေ့ရှိပါတယ်” ဟု မဂရေ့စ်မြင့်ထူးကပြောသည်။ ယခုပွဲတော်သည် လက်ဖက် နှင့် ၎င်း၏သမိုင်းကြောင်းဆိုင်ရာ အချက်အလက်အသစ်များကို သိရှိနိုင်စေရန် ကူညီပေးခဲ့ကြောင်း ၎င်းကဆိုသည်။