၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့တွင် ကျင်းပ

CGTN,    February 28, 2026
Size:

၂၀၂၆ ခုနှစ်၊ မြင်းနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) ၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ဇနီး ဒေါ်သန်းသန်းနွယ် တို့က ဂုဏ်ထူးဆောင် ဧည့်သည်တော်များအဖြစ် တက်ရောက် ခဲ့ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဦးဉာဏ်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာ - တရုတ် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့နာယကနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia၊ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ အပါအဝင် ဖိတ်ကြားထားသော ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား အစီအစဉ် အရ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဇနီးနှင့် တရုတ် သံအမတ်ကြီး Ms. Ma Jia တို့ ရောက်ရှိလာစဉ် ပန်းစည်းများဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။ အဲ့ဒီနောက် ပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ခြင်္သေ့ ၈ ကောင်အဖွဲ့၏ ကပြဖျော်ဖြေမှုဖြင့် ကြိုဆိုကာ နှစ်သစ်ကူး အထိမ်းအမှတ် ပုဝါ များကို ပေးအပ်ခဲ့ကြသည်။ နတ်သမီးဝတ်စုံ ဆင်မြန်းထားသော အမျိုးသမီး ၆ ဦးက အခမ်းအနား တံတားပေါ်မှတစ်ဆင့် မင်္ဂလာ စည်တော်ရှိရာသို့ စတင်ပို့ဆောင်ပေးခဲ့သည်။ နဂါးနှင့် ခြင်္သေ့အကအဖွဲ့များ၊ ဝူရှူးအားကစားသမားများ နှင့် တေးဂီတ အဖွဲ့များ က သတ်မှတ်နေရာအသီးသီးမှ ကြိုဆိုခဲ့ကြသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် တရုတ်သံအမတ်ကြီး Ms. Ma Jia တို့က မင်္ဂလာစည်တော်ကို သုံးကြိမ် တီးခတ်၍ ပွဲတော်ကို တရားဝင်  ဖွင့်လှစ် ပေးခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ တရုတ်ဗုဒ္ဓဘာသာ သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ကွမ်ရင်ဘုရားကျောင်း ဆရာတော်ကြီး ဦးဆောင်သော သံဃာတော် ၁၀ ပါးတို့က မေတ္တာသုတ်  ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ထိုစဉ်အတွင်း နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ဇနီးတို့က သစ်သီးဆွမ်းများ လှူဒါန်းခဲ့ပြီး နှစ်သစ်ကူးအထိမ်းအမှတ် ဘာသာရေး ဆိုင်ရာ နှစ်သစ်ကူး လက်ဆောင်ကို လက်ခံရယူခဲ့သည်။ ထို့နောက် ရန်ကုန်ရှိ တရုတ်အသင်းအဖွဲ့ ၂၄ သင်း၊ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်း ဒေသဆိုင်ရာ အဖွဲ့များ၊ တရုတ်ပြည်နယ်အခြေပြု စီးပွားရေးလုပ်ငန်းအဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် တရုတ်သံအမတ်ကြီးတို့အား အစဉ်အလာ မပျက် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဂုဏ်ပြုညစာစားပွဲကို ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် တရုတ် သံအမတ်ကြီးတို့က မင်္ဂလာ ခြင်္သေ့အား သက်ဝင်နိုးထစေသည့် "မျက်လုံးစက်တင်ခြင်း" အခမ်းအနားကို ဆောင်ရွက် ခဲ့ကြပြီးနောက် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

အမှာစကားများ

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများကို အလေးထားကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံ ကဏ္ဍများတွင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော စီမံကိန်းများကို အကောင်အထည်ဖော်နေကြောင်း ၊ အောင်မြင်မှု၏ သင်္ကေတဖြစ်သော မြင်းနှစ် တွင် နှစ်နိုင်ငံပြည်သူများအတွက် ပိုမို ကောင်းမွန်သော တိုးတက်မှုများ ဆောင်ကြဉ်းပေးမည်ဟု ယုံကြည်ကြောင်းနှင့် ၂၀၂၆ ခုနှစ်သည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်အပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့် မှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်သံအမတ်ကြီး Ms. Ma Jia ကလည်း ၂၀၂၅ ခုနှစ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမှာ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့ပြီး ကုန်သွယ်မှုပမာဏမှာ ၁၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုများ သိသိသာသာ တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ခရီးသွား လုပ်ငန်း အရင်းအမြစ်အဖြစ် ဆက်လက်ရှိနေပြီး ယခင်နှစ်တွင် ခရီးသွား ၂၅၀,၀၀၀ ကျော် လာရောက်ခဲ့ကြောင်း ၊ မန္တလေး ငလျင်လှုပ်ခတ်စဉ်က အပြန်အလှန် ကူညီမှုများကို "ပေါက်ဖော်" ချစ်ကြည်ရေး၏ သက်သေအဖြစ် ချီးကျူးခဲ့ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း၏ ညီညွတ်မှုကို ဖော်ပြခဲ့ကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနားတွင် တရုတ်နှင့် မြန်မာ ယဉ်ကျေးမှုအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူး အထိမ်း အမှတ် ဘတ်စကက်ဘော ပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။ အဲ့ဒီနောက် အမှတ်တရ လက်ဆောင်များနှင့် ပန်းခြင်းများ အပြန်အလှန် လဲလှယ်ကြပြီးနောက် "ပန်းတိုင်းပွင့်ပါစေ" အမည်ရှိ သီချင်းကို မြန်မာနှင့် တရုတ် တေးဂီတတူရိယာများ ပေါင်းစပ်တီးခတ် ဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။