ကမ္ဘောဒီးယား ဝန်ကြီးချုပ်က နွေဦးပွဲတော် အခါသမယ၌ တရုတ်ပြည်သူများအတွက် နှစ်သစ်ဆုမွန်ကောင်းများ ပို့သ

Xinhua,    February 27, 2026
Size:

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသည့် "ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Plus" အစည်းအဝေး တက်ရောက်နေသော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် မြင်းနှစ်တရုတ်နှစ်သစ်ကူး အခါသမယ ရောက်ရှိမည်ဖြစ်ရာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က တရုတ်ပြည်သူများနှင့် တရုတ်နွယ်ဖွား ကမ္ဘောဒီးယား ပြည်သူများအတွက် နှစ်သစ်ဆုမွန်ကောင်းများ ပို့သခဲ့ကြောင်း သိရသည်။ကမ္ဘောဒီးယားပြည်သူများနှင့် တရုတ်ပြည်သူများသည် ရှေးယခင်ကတည်းကပင် အစဉ်သဖြင့် အေးအတူပူအမျှ စည်းလုံးညီညွတ်စွာ အတူလက်တွဲ နေထိုင်ခဲ့ကြသည်ဟု ဟွန်မန်နက်က ၎င်း၏သဝဏ်လွှာ၌ ရေးသားထားသည်။

“မိမိအနေနဲ့ ကမ္ဘောဒီးယား တော်ဝင်အစိုးရကိုယ်စား ဂုဏ်ပြုစကားပြောကြားလိုပြီး ရှေးပဝေသဏီကတည်းက ထာဝရ ဆိုးတူကောင်းဖက် အပြန်အလှန်ရိုင်းပင်းကူညီခဲ့ကြတဲ့ တရုတ်ပြည်သူတွေ၊ တရုတ်နွယ်ဖွား ကမ္ဘောဒီးယားပြည်သူတွေ အားလုံးနဲ့အတူ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွ အကျိုးဆောင်ခဲ့သည့် တရုတ်ပြည်သူများနှင့် တရုတ်နွယ်ဖွား ကမ္ဘောဒီးယားပြည်သူများကိုလည်း ဟွန်မန်နက်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။တရုတ်နှစ်သစ်ကူးပွဲတော်အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဖနွမ်းပင်မြို့ရှိ တော်ဝင်နန်းတော်၌ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရိုးရာအနုပညာရှင်များက ခြင်္သေ့အကဖြင့် ကပြဖျော်ဖြေခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တော်ဝင်နန်းတော်ရေးရာဝန်ကြီး Kuy Sophal တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယား နိုင်ငံတကာဆက်ဆံရေး အင်စတီကျု၏ ညွှန်ကြားရေးမှူးချုပ် ကင်ဖီယာက နှစ်နိုင်ငံကြား ယဉ်ကျေးမှုချင်း နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်မှုကြောင့် ကမ္ဘောဒီးယားတွင် တရုတ်နှစ်သစ်ကူးပွဲတော်အား ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲလေ့ရှိသည်ဟု ဆိုသည်။

“ကမ္ဘောဒီးယားပြည်သူ တော်တော်များများဟာ တရုတ်ဘိုးဘေးတွေနဲ့ ရိုးရာဓလေ့ချင်း ဆက်နွှယ်နေတာမို့ ဒီပွဲတော်ဟာ ယဉ်ကျေးမှု အမှတ်သညာနဲ့ ပတ်သက်ဆက်နွှယ်မှုတွေကို သိရှိနားလည်လာအောင် အထောက်အကူပေးပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ “ဒါ့အပြင် ဒီပွဲတော်ဟာ လူမှုရေးအရ ရင်းနှီးမှုကိုလည်း တိုးပွားစေတာမို့ လူမှုအသိုင်းအဝိုင်းတွေကို ပျော်ရွှင်မှုတွေ၊ ပွဲလမ်းသဘင်တွေနဲ့ သိုက်သိုက်ဝန်းဝန်းဖြစ်စေတဲ့ ရွှင်မြူးတက်ကြွဖွယ် အခါသမယကို ဖန်တီးပေးပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။