ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တိုးလမ် (To Lam) ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ရှီကျင့်ဖိန် ဂုဏ်ပြုသဝဏ်လွှာပေးပို့

Xinhua, January 29, 2026
Size:

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်သို့ တက်ရောက်လာသော တိုလမ် (To Lam) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ဇန်နဝါရီ ၂၃ ရက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော တိုးလမ် (To Lam) အား ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က CPV ၁၃ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကျင်းပချိန်မှစ၍ CPV သည် ဗီယက်နမ်နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဆိုရှယ်လစ်ခေတ်မီအသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းခဲ့ပြီး ပါတီ၏ အလုံးစုံခေါင်းဆောင်မှုကို ခိုင်မာအားကောင်းစေကာ ဆိုရှယ်လစ်ဝါဒတည်ဆောက်ရေးနှင့် တစ်ဖန်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ဗီယက်နမ်ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်လျက် ထင်ရှားသောအောင်မြင်မှုများရရှိခဲ့ရာ ဗီယက်နမ်၏ နိုင်ငံတကာအနေအထားနှင့် လွှမ်းမိုးမှုသည် အဆက်မပြတ် တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်သို့ တက်ရောက်လာသော တိုလမ် (To Lam) အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

CPV ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် ဗီယက်နမ်အမျိုးသားဖွံ့ဖြိုးတိုးတက်မှုခေတ်သစ်ကို စတင်ခဲ့ပြီး ကမ္ဘာ့ဆိုရှယ်လစ်ဝါဒလှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်ရေးကို လှုံ့ဆော်မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊ အဆွေတော် အထွေထွေအတွင်းရေးမှူးချုပ်ခေါင်းဆောင်သော CPV ဗဟိုကော်မတီသစ်၏ ဦးဆောင်မှုအောက်တွင် CPV သည် ဗီယက်နမ်ပြည်သူများအား ဦးဆောင်ကာ တစ်စိတ်တည်း တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ ရှေ့သို့ အားစိုက်တက်လှမ်းနိုင်ပြီး ဗီယက်နမ်ပါတီနှင့် အမျိုးသားလုပ်ငန်းများတွင် ပိုမိုကြီးမားသော အောင်မြင်မှုအသစ်များရရှိမည်ဖြစ်သလို CPV ၁၄ ကြိမ်မြောက် အမျိုးသားကွန်ဂရက်၌ အတည်ပြုခဲ့သော ရည်မှန်းချက်တာဝန်အသီးသီးကို အောင်မြင်စွာ ပြီးမြောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် ဗီယက်နမ်သည် ဆိုရှယ်လစ်ဝါဒ ချစ်ကြည်ရင်းနှီးသောအိမ်နီးချင်းများဖြစ်ပြီး မဟာဗျူဟာမြောက်အနက်အဓိပ္ပာယ်ရှိသော အေးအတူပူအမျှ အသိုင်းအဝိုင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တရုတ်-ဗီယက်နမ် နှစ်ပါတီ၊ နှစ်နိုင်ငံ ဆက်ဆံရေးကို အလွန်ပင် တန်ဖိုးထားကြောင်း၊ ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုများ အားဖြည့်ရန်၊ အစဉ်အလာချစ်ကြည်ရေး မြှင့်တင်ရန်၊ ဆိုရှယ်လစ်ဝါဒလုပ်ငန်းကို အခိုင်အမာ တွန်းအားပေးဆောင်ရွက်ရန်၊ တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးတွင် အသီးအပွင့်များ ဝေဝေဆာဆာ အဆက်မပြတ် ပွင့်လန်းရေးအား လမ်းညွှန်ပေးရန်၊ နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော ချမ်းသာသုခ ဆောင်ကြဉ်းပေးရန်၊ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်ဝပြောရေးအတွက် အပြုသဘောဆောင်သော အကျိုးထမ်းပိုးမှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။