
တရုတ်-ကမ္ဘောဒီးယား-ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့၌ အောင်မြင်စွာ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak တို့နှင့်အတူ သုံးနိုင်ငံမှ တပ်မတော် အသီးသီး၏ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်စဉ် (ဆင်ဟွာ)
ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား-ထိုင်း အပစ်ရပ်မှုသဘောတူညီချက်အား တစ်ဆင့်ချင်း အကောင်အထည်ဖော်နိုင်ပြီး ကမ္ဘောဒီးယား စစ်သည် ၁၈ ဦးသည် ကမ္ဘောဒီးယားဘက်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့သည်ကို သတိပြုမိခဲ့ကြောင်း၊ ယင်းအပေါ် နှစ်သိမ့်အားရဖြစ်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဇန်နဝါရီ ၅ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကမ္ဘောဒီးယား-ထိုင်းက အပစ်ရပ်ရေးပူးတွဲကြေညာချက်အား ထုတ်ပြန်ပြီးနောက် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ဒေသ၌ ပစ်ခတ်မှု ထပ်မံဖြစ်ပွားခြင်း မရှိတော့ကြောင်း၊ ထိုင်းဘက်က ဒီဇင်ဘာ ၃၁ ရက်တွင် ထိန်းသိမ်းထားသော စစ်သည် ၁၈ ဦးကို ကမ္ဘောဒီးယားဘက်ထံ လွှဲပြောင်းပေးအပ်ခဲ့ရာ လက်ရှိဒေသတွင်းအခြေအနေတစ်ရပ်လုံးသည် ပြေလျော့သွားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက် မေးမြန်းခဲ့သည်။
“ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်အနေနဲ့ ဆက်လက်ရှေ့သို့ ရှေးရှု၍ ရှေ့သို့လျှောက်လှမ်းရန်၊ ချိတ်ဆက်ညှိနှိုင်းမှုအား မြှင့်တင်ရန်၊ ဘက်စုံရေရှည်အပစ်ရပ်မှုအား အတူတကွ အာမခံပေးရန်၊ ယုံကြည်မှုအား တစ်ဆင့်ချင်း ပြန်လည်တည်ဆောက်၍ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ရန် မျှော်လင့်ပါတယ်။ ဒါက ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံပြည်သူများရဲ့ အခြေခံနဲ့ ရေရှည်အကျိုးစီးပွားနဲ့ ကိုက်ညီသလို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘုံမျှော်လင့်ချက်နဲ့လည်း ကိုက်ညီပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနေဖြင့် သမ္မတရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ (GSI) အား ဆက်လက် အကောင်အထည်ဖော်ဆောင်ကာ တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးပွင့်ဆိုင် ဖူရှန်းတွေ့ဆုံမှုတွင် အတည်ပြုထားသည့် ဦးတည်ချက်အရ အာရှနည်းလမ်းဖြင့် ကမ္ဘောဒီးယား-ထိုင်း စဉ်ဆက်မပြတ် အပစ်ရပ်မှု၊ နှစ်ဖက်ဆက်ဆံရေး ပြန်လည်တိုးတက်လာမှုအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပံ့ပိုးပေးကာ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှု၊ အိမ်နီးချင်းနိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား တွန်းအားပေးမှုအတွက် ရှိသင့်သောကြိုးပမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။