ရှီကျင့်ဖိန်က Thongloun Sisoulith လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့

Xinhua, January 12, 2026
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ပြီး အလုပ်သဘောခရီးစဉ်လာရောက်သည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ Thongloun Sisoulith တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၈ ရက်တွင် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် Thongloun Sisoulith ထပ်မံရွေးချယ်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီသည် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ၁၁ ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံ ကျင်းပပြီးကတည်းက လာအိုပြည်သူများအား စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဆိုရှယ်လစ်ဝါဒ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအား တက်ကြွစွာစူးစမ်းရှာဖွေခဲ့ကြောင်း၊ အခက်အခဲများကို ခိုင်မာစွာ ကျော်ဖြတ်၍ ရှေ့သို့မဆုတ်မနစ်ချီတက်ခဲ့ရာ ပါတီတည်ဆောက်မှု တွန်းအားပေးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူလူနေမှုဘဝ တိုးတက်ကောင်းမွန်လာမှု၊ ပြည်ပဆက်ဆံရေး တိုးချဲ့မှု စသည့်ကဏ္ဍများတွင် အရေးကြီးအောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံအား အောင်မြင်စွာ ဖွင့်လှစ်ကျင်းပခဲ့ရာ လာအိုပြည်သူ့တော်လှန်ရေးပါတီနှင့် လာအိုနိုင်ငံ ဆိုရှယ်လစ်ဝါဒလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အလာကို ဆက်ခံ၍ အနာဂတ်သို့ဆက်လက်လှမ်းချီမည့် အရေးကြီး အနက်အဓိပ္ပာယ်ရှိကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးဆောင်သည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ၏ ခိုင်မြဲသောဦးဆောင်မှုအောက်တွင် လာအိုပြည်သူ့တော်လှန်ရေးပါတီနှင့်‌ ပြည်သူများအနေဖြင့် တစ်စိတ်တည်း တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ကြိုးပမ်းရန်၊ လာအိုပြည်သူ့တော်လှန်ရေးပါတီ ၁၂ ကြိမ်မြောက် ပြည်လုံးဆိုင်ရာညီလာခံက အဆိုပြုထားသော စီမံကိန်းရည်မှန်းချက်တာဝန်အသီးသီးအား အောင်မြင်စွာ ဖော်ဆောင်ရန်၊ လာအိုဆိုရှယ်လစ်ဝါဒလုပ်ငန်း အခင်းအကျင်းအသစ်အား အဆက်မပြတ် ဖန်တီးဖွင့်လှစ်ရန်၊ ၂၀၅၅ ခုနှစ် ပါတီထူထောင်ခြင်း နှစ်တစ်ရာပြည့် ကြိုးပမ်းမှုရည်မှန်းချက်ဆီသို့ ရဲဝံ့ပြတ်သားစွာ ချီတက်ရန် ဆုမွန်ကောင်းတောင်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-လာအိုနှစ်နိုင်ငံသည် ရေခံမြေခံတူညီသည့် ဆိုရှယ်လစ်ဝါဒ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် နှစ်ဖက်၏ အတူတကွကြိုးပမ်းမှုဖြင့် တရုတ်-လာအိုဆက်ဆံရေးသည် သမိုင်းကာလ၏ အကောင်းဆုံးအချိန်သို့ ဝင်ရောက်ခဲ့ကြောင်း၊ မဟာဗျူဟာမြောက် အနက်အဓိပ္ပာယ်ရှိသည့် တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည် အဆက်မပြတ် နက်ရှိုင်းခိုင်မြဲလာခဲ့ပြီး ပြည့်ဝသောရလဒ်များစွာ ရရှိခဲ့ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အိမ်နီးချင်းနိုင်ငံများ အခင်းအကျင်းနှင့် ကမ္ဘာ့ပြောင်းလဲမှုအခြေအနေ နက်ရှိုင်းစွာ ဆက်နွှယ်လှုပ်ရှားနေသည့် အခြေအနေသစ်အောက်တွင် မိမိအနေဖြင့် အထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ တရုတ်-လာအိုဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု၏ မဟာဗျူဟာဦးဆောင်မှုအား မြှင့်တင်ခြင်း၊ တရုတ်-လာအို အစဉ်အလာချစ်ကြည်ရေးအား ပြန့်ပွားစေခြင်း၊ ပါတီစီမံခန့်ခွဲမှုနှင့် နိုင်ငံစီမံခန့်ခွဲမှု အတွေ့အကြုံဖလှယ်မှုအား နက်ရှိုင်းစွာဖော်ဆောင်ခြင်း၊ ကဏ္ဍစုံ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ခြင်း၊ တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို အဆင့်မြင့်သော၊ အရည်အသွေးမြင့်မားသော၊ အဆင့်အတန်းမြင့်မားသော ရည်မှန်းချက်ဆီသို့ ဆက်လက်ချီတက်မှုအား တွန်းအားပေးခြင်း၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုခြင်း၊ ကိုယ်စီ၏ ဆိုရှယ်လစ်ဝါဒလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်စွာ ဝန်ဆောင်ပေးခြင်း၊ ဒေသတွင်းမှသည် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအား မြှင့်တင်ရန်အတွက် အကျိုးထမ်းဆောင်မှုအသစ်များ ဆောင်ကြဉ်းခြင်းတို့ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။