တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အား အင်ပြည့်အားပြည့် စတင်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်တွင် ဘဏ္ဍာရေးအသုံးစရိတ် တိုးမြှင့်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ကတိပြုပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် လာမည့် ၂၀၂၆ ခုနှစ်တွင် ပိုမိုထိရောက်သော ဘဏ္ဍာရေးမူဝါဒကို ဖော်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး လန်ဖော်အန်းက ဒီဇင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် နိုင်ငံအဆင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ အဆိုပါ သဘောထားမှာ မကြာမီကကျင်းပသော မူဝါဒများချမှတ်သည့် ဗဟိုစီးပွားရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ ကြေညာချက်များနှင့်အညီဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေး၌ အစိုးရငွေတိုက်စာချုပ်များ၏ အခန်းကဏ္ဍ ပိုမိုခိုင်မာအားကောင်းရေး၊ ငွေလွှဲခြင်းနှင့် ငွေပေးချေခြင်းများ ပိုမိုထိရောက်မြန်ဆန်ရေးအတွက် ၂၀၂၆ ခုနှစ်တွင် ပိုမိုအားကောင်းသော အစီအမံများ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
အသုံးစရိတ် ဖွဲ့စည်းပုံစနစ်များကို စဉ်ဆက်မပြတ် မွမ်းမံချိန်ညှိကာ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများ ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်မှု အကျိုးရလဒ်များကိုလည်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဖန်တီးသွားမည်ဟုလည်း ယင်းအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။
ထို့အတူ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဝယ်ယူသုံးစွဲမှု မြှင့်တင်ရေးအတွက် လူသုံးကုန်ပစ္စည်းဖလှယ်ရေး အစီအစဉ်များဖြင့် ဘဏ္ဍာရေးအထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည်ဖြစ်သလို အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားသစ်များနှင့် လူရည်ချွန်ပျိုးထောင်မှု စသည့် အဓိကနယ်ပယ်များအတွက် ငွေကြေးထောက်ပံ့မှုနှင့် ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘဏ္ဍာရေးအစီအမံများက အလုပ်အကိုင်အခွင့်အလမ်းဖန်တီးမှုနှင့် ဝင်ငွေတိုးပွားမှုအတွက် အထောက်အကူပေးနိုင်မည်ဖြစ်ကာ အရည်အသွေးမြင့် ပညာရေးကို ခိုင်မာသေချာစေခြင်း၊ ဆေးကုသမှုနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို မြှင့်တင်ပေးခြင်း၊ လူမှုဖူလုံရေးစနစ်များ တိုးတက်ကောင်းမွန်စေခြင်းတို့ကိုလည်း ရရှိစေမည်ဟု လန်က အလေးထားပြောဆိုခဲ့သည်။
ထို့ပြင် ဖြစ်နိုင်သည့်ကြွေးမြီများ ရှိနေခြင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကြွေးမြီသစ်များ မြင့်တက်လာမှုအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခြင်းတို့ကို အရှိန်မြှင့်လုပ်ဆောင်သွားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။