
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး တက်ရောက်နေသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Bernama via Xinhua)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးများအား ယူနန်ပြည်နယ်တွင် လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၂၇ ရက်၌ ကြေညာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ခ် ဆိုခွန်း၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့တို့သည် သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များကို ဦးဆောင်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှာ ဒီဇင်ဘာ ၂၇ ရက်က ကျင်းပသည့် အထွေထွေနယ်စပ်ရေးရာ အထူးကော်မတီအစည်းအဝေး၌ အပစ်အခတ်ရပ်စဲရန် သဘောတူညီကြောင်း ပူးတွဲကြေညာချက်၌ လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ အကြောင်းအရာနှင့်သက်ဆိုင်သည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီခဲ့သည့် ပူးတွဲကြေညာချက်အား တရုတ်နိုင်ငံက ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းမှာ ရှုပ်ထွေးသော အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ထိရောက်၍ အလားအလာရှိသော နည်းလမ်းတစ်ရပ်ဖြစ်သည်ကို ဤဖြစ်စဉ်က သက်သေပြုလျက်ရှိကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုခဲ့သည်။
တရုတ်နိုင်ငံ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့က ယင်းပဋိပက္ခ အဆုံးသတ်ရေးအတွက် အတူတကွ ကြိုးပမ်းအားထုတ်ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် ပိုမိုအသေးစိတ်ကျ၍ အဓိပ္ပာယ်ပြည့်ဝသော ဆက်သွယ်ဆွေးနွေးမှုများ ဖြစ်ပေါ်လာရေးအတွက် အခြေအနေများ ဖန်တီးပေးခြင်းနှင့် ယန္တရားများ ဖော်ဆောင်ပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယူနန်ပြည်နယ်တွင် ကျင်းပမည့် ယင်းအစည်းအဝေးသို့ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများအပြင် ယင်းသုံးနိုင်ငံမှ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များလည်း တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲမှု ခိုင်မာတည်တံ့ရေး၊ အပြန်အလှန် ကူးလူးဆက်ဆံမှုများ ပြန်လည်စတင်နိုင်ရေး၊ နိုင်ငံရေးအရယုံကြည်မှု ပြန်လည်တည်ဆောက်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး အကောင်းဘက်သို့ ပြန်လည်ဦးတည်နိုင်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေးအတွက် မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ထပ်မံအလေးထားပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး တက်ရောက်နေသော ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆိုခွန်းအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Bernama via Xinhua)