
ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့တွင် ပြုလုပ်သော ဆွေးနွေးပွဲတစ်ခု၌ အမေရိကန် စီးပွားရေးပညာရှင် ဂျက်ဖရီ ဆက်စ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကမ္ဘာ့စီးပွားရေးဆိုသည်မှာ တစ်ဦးကအသာရလျှင် အခြားတစ်ဦးက ဆုံးရှုံးနစ်နာရသည့် သူနိုင်ကိုယ်နိုင်အားပြိုင်ရသည့် ကစားပွဲမဟုတ်သလို တရုတ်နိုင်ငံ၏ တိုးတက်မှုကိုလည်း ခြိမ်းခြောက်မှုဟု မှတ်ယူမည့်အစား အခွင့်အလမ်းဟုသာ မှတ်ယူသင့်ကြောင်း အထင်ကရ အမေရိကန်စီးပွားရေးပညာရှင် ဂျက်ဖရီ ဆက်စ်က ဒီဇင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။ကမ္ဘာ့နိုင်ငံများအနေဖြင့် ဒေသအလိုက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံကြွယ်ဝချမ်းသာမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ကြိုးစားရှာဖွေသင့်သည်ဟု ဘဲလ်ဂရိတ်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခု၌ ဆက်စ်က ပြောကြားခဲ့သည်။
သူနိုင်ကိုယ်နိုင်အားပြိုင်ရသည့် ကစားပွဲဟူသော သမားရိုးကျ အတွေးအခေါ်မှာ ၁၉ ရာစုနှင့် ၂၀ ရာစု အစောပိုင်းတို့တွင် ထွန်းကားခဲ့သည့် လူမှုရေးဆိုင်ရာ ဒါဝင် အယူအဆများမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ကိုလမ်ဘီယာတက္ကသိုလ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၏ ဒါရိုက်တာလည်းဖြစ်သူ ဆက်စ်က မှတ်ချက်ပြုခဲ့သည်။
“ဘဝဟာ ရှောင်လွှဲလို့မရနိုင်တဲ့ ရုန်းကန်တိုက်ပွဲဝင်ခြင်းဆိုတဲ့ အယူအဆပါ။ ခင်ဗျားတို့နိုင်ရင်နိုင် မဟုတ်ရင် ကျွန်တော်တို့နိုင်တယ်ဆိုတဲ့ အယူအဆက လုံးဝမမှန်ပါဘူး” ဟု ၎င်းက ဆိုသည်။ခေတ်သစ်ကာလတွင် စီးပွားရေးကြွယ်ဝမှုဆိုသည်ကို ရှားပါးသယံဇာတ အရင်းအမြစ်များနှင့်ပတ်သက်၍ အားပြိုင်ခြင်းဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ကြောင်း၊ စီးပွားရေးကြွယ်ဝမှုဆိုသည်မှာ နည်းပညာ၊ အတတ်ပညာပိုင်း ကျွမ်းကျင်မှုနှင့် ထိရောက်သော စီမံခန့်ခွဲမှုတို့မှ ရရှိခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စံနမူနာနှင့်ပတ်သက်၍ ပြောကြားရာတွင် ဆက်စ်က တရုတ်နိုင်ငံ၏ အတွေ့အကြုံများသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အရေးပါသော စံနမူနာများကို မျှဝေပေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအစိုးရက ငါးနှစ်နှင့် ဆယ်နှစ်တာကာလအတွင်း စနစ်တကျရှိသော စီမံကိန်းများဖြင့် စက်မှုလုပ်ငန်း၊ နည်းပညာ စသော အဓိက ကဏ္ဍများအတွက် မဟာဗျူဟာများ အသေးစိတ်ချမှတ်ဖော်ဆောင်ခဲ့သည့်အတွက် တရုတ်နိုင်ငံသည် ထွန်းသစ်စနယ်ပယ်များစွာ၌ ကမ္ဘာ့ထိပ်တန်းနိုင်ငံ ဖြစ်လာခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရေရှည်စီမံကိန်းနှင့် ရေရှည်အကျိုးပြုသော ရင်းနှီးမြှုပ်နှံမှုများက အခြားနိုင်ငံများကို ထိခိုက်စေခြင်းမရှိဘဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား မောင်းနှင်တွန်းအားပေးနိုင်သည်ကို ယင်းအောင်မြင်မှုများက သက်သေထူလျက်ရှိသည်ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအား ခြိမ်းခြောက်မှုဟု မှတ်ယူခြင်းမပြုသင့်ကြောင်း ၊ တရုတ်နိုင်ငံအား ရန်ဘက်အဖြစ် ပုံဖော်ပြောဆိုခြင်းကို အများအားဖြင့် တရုတ်နိုင်ငံကို တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသေးသူများကသာ အဓိကလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆက်စ်က ပြောသည်။
“ကျွန်တော့်အနေနဲ့ အမေရိကန် ကွန်ဂရက်ကို အကြံပေးချင်တာကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ အဲဒါကတော့ ပတ်စပို့စာအုပ်ယူပြီး ကမ္ဘာအနှံ့ခရီးထွက်ရင်း ပကတိအခြေအနေတွေကို လေ့လာဖို့ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာကြီးသည် ထိပ်တိုက်ရင်ဆိုင်မည့်အစား ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းဆီသို့ ဦးတည်လျှောက်လှမ်းသင့်သည်ဟု ဆက်စ်က အနာဂတ်ကိုမျှော်တွေးလျက် အခိုင်အမာပြောဆိုခဲ့သည်။ “ဒေသတွင်းမှာ ဒေသတစ်ခုနဲ့တစ်ခု ပေါင်းစည်းချိတ်ဆက်ထားတဲ့ တစ်ချိန်တည်းမှာပဲ အပြန်အလှန် ဆက်လက်တံခါးဖွင့်လှစ်ထားတဲ့ ဒေသအလိုက် ပူးပေါင်းဆောင်ရွက်တဲ့ ကမ္ဘာကြီးတစ်ခုကို ကျွန်တော် မှန်းဆမျှော်လင့်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၎င်း၏အမြင်တွင် ကမ္ဘာကြီးသည် အပြန်အလှန် ချိတ်ဆက်ထားသော ဒေသများနှင့် ဖွဲ့စည်းထားကာ ဒေသတစ်ခုစီမှာလည်း ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ကိုယ်စီ ကြွယ်ဝချမ်းသာမှုကို ရရှိပိုင်ဆိုင်နိုင်မည်ဟု ဆိုသည်။ အဆိုပါချဉ်းကပ်နည်းမှာ ပထဝီနိုင်ငံရေးအားပြိုင်မှုကိုဖြစ်စေ တစ်ဖက်သတ် လွှမ်းမိုးခြယ်လှယ်မှုကိုဖြစ်စေ အခြေခံသော စံနမူနာများထက်ပို၍ များစွာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သလို သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပိုမိုအကျိုးပြုနိုင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။