ဒီဇင်ဘာလ ၈ ရက်နေ့က ကမ္ဘာ့ စတုတ္ထ အကြီးဆုံး ဆိပ်ကမ်း ဖြစ်သည့် တရုတ်နိုင်ငံ ချင်းတောင် ဆိပ်ကမ်း၏ ယခုနှစ်အတွင်း တင်သွင်းတင်ပို့မှု စုစုပေါင်း ပမာဏသည် တန်ချိန် သန်း ၇၀၀ ကို ချိုးဖျက်ခဲ့ပြီး စံချိန်သစ်ကို တင်နိုင်ခဲ့သည်။ ချင်းတောင် ဆိပ်ကမ်းမှ တာဝန် ရှိသူက ယင်းအောင်မြင်မှု ရရှိနိုင်ခဲ့ခြင်းသည် ဆိပ်ကမ်းတွင် အဆက်မပြတ် အဆင့်မြှင့်တင် လာနေသော စမတ်နည်းပညာ တည်ဆောက်မှုနှင့် "မိတ်ဆွေများ အသိုင်းအဝန်း"ကို အဆက်မပြတ် တိုးချဲ့လာခြင်းကြောင့် ဖြစ်သည်ဟု သတင်းထောက်အား ပြောပြခဲ့သည်။
တရုတ်အစိုးရမှ ယင်းနေ့က ထုတ်ပြန်ခဲ့သော စာရင်းအရ ယခုနှစ် ပထမ ၁၁ လ အတွင်း တရုတ်နိုင်ငံ၏ ကုန်စည် သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏသည် ယွမ် ၄၁.၂၁ ထရီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၃.၆ ရာခိုင်နှုန်း တိုးလာပါသည်။ ယင်းတို့အနက် နိုဝင်ဘာလ အတွင်း ကုန်စည် သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏသည် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ ကထက် ၄.၁ ရာခိုင်နှုန်း တိုးလာပြီး ၁၀ လ ဆက်တိုက် တိုးမြင့်လာခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။
ယခုနှစ်အတွင်း ရှုပ်ထွေးပွေလီပြီး ပြောင်းလဲမှု များပြားသော နိုင်ငံတကာ ပတ်ဝန်းကျင်ကို ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံသည် ပိုမို တက်ကြွသော မက်ခရို မူဝါဒများကို ကျင့်သုံး ဖော်ဆောင်ပြီး စီးပွားရေး လည်ပတ်မှု အခြေအနေသည် ခြုံပြီးကြည့်လျှင် တည်ငြိမ်ပြီး တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရရှိနိုင်ခဲ့ပါသည်။
ယခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နှင့် အာဆီယံ၊ ဥရောပသမဂ္ဂ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံများအကြား သွင်းကုန်ပို့ကုန် ပမာဏများ တိုးတက်လာခဲ့ပြီး တစ်ချိန်တည်းတွင် အရပ်ဘက်နှင့် ပုဂ္ဂလိကလုပ်ငန်းများနှင့် နိုင်ငံခြားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံသော လုပ်ငန်းများ၏ သွင်းကုန်ပို့ကုန် ပမာဏသည်လည်း တိုးတက်လာကာ တရုတ် နိုင်ငံ၏ စီးပွားရေး လည်ပတ်မှု ရှင်သန်စွမ်းအားသည် အဆက်မပြတ် တိုးမြင့် လာခဲ့ပါသည်။
ယခုအချိန်တွင် တရုတ်နိုင်ငံ၏ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းသည် အောင်မြင်စွာ ပြီးဆုံးမည် ဖြစ်ပြီး ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း စတင်တော့မည် ဖြစ်သည်။ ကမ္ဘာ့ နိုင်ငံ အသီးသီး တို့သည် တရုတ်နိုင်ငံမှ လာသော "အခွင့်အလမ်းများ စာရင်းဇယား"ကို စောင့်မျှော် နေပြီး တရုတ်နိုင်ငံနှင့် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန်လည်း စောင့်မျှော် နေကြပါသည်။ အီဂျစ်နိုင်ငံမှ အီဂျစ်-တရုတ် ကုန်သွယ်ရေးအသင်း အတွင်းရေး မှူးချုပ် ဒီယာ ဟယ်မီ ပြောသလိုပင် "တရုတ်နိုင်ငံက အဆင့်မြင့် တံခါးဖွင့်ရေးကို စွဲကိုင်ပြီး နိုင်ငံတကာ စည်ပင်သာယာရေးအတွက် တွန်းအားများကို ထည့်သွင်းပေးနေကြောင်း" China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။