
မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနား ကျင်းပသည့်မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-- MOI)
မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ၇၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်က ကျင်းပခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြခဲ့သည်။အခမ်းအနားတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုထုတ်ပြန်ခဲ့သည့် (၇၇) နှစ်ပြည့်မြောက်သောနေ့ဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်းဖြစ်သည်ဟု အမှာစကားပြောကြားခဲ့ကြောင်း သတင်းတွင်ဖော်ပြပါရှိသည်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်လေ့ရှိခြင်းကြောင့် မိမိတို့မြန်မာနိုင်ငံကလည်း လူ့အခွင့်အရေးကို အလေးထားသည့်အနေဖြင့် ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ဦးအောင်လင်းဒွေးက ဖြည့်စွက်ပြောကြားခဲ့သည်။
လူ့အဖွဲ့အစည်းတစ်ရပ်အတွင်း၌ လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် အဆိုပါလူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းရေးကို များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်သည် နိုင်ငံသားများ၏ အခွင့်အရေးများကို အာမခံချက်ပေးပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံသားတာဝန်များကို ထမ်းဆောင်ခြင်းအားဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ပံ့ပိုးပေးကြရန် တိုက်တွန်းလိုကြောင်း ဦးအောင်လင်းဒွေးက တိုက်တွန်းပြောကြားခဲ့သည်ဟု သတင်း၌ ဖော်ပြထားသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကော်မရှင်၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း သိရသည်။