
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် တရုတ်-ဗီယက်နမ် QR Code အပြန်အလှန်ချိတ်ဆက် ငွေပေးချေခြင်းစနစ် ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်းအခမ်းအနားအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်-ဗီယက်နမ် QR Code အပြန်အလှန်ချိတ်ဆက် ငွေပေးချေခြင်းစနစ် ပူးပေါင်းဆောင်ရွက်မှု စတင်ခြင်းအခမ်းအနားအား ဒီဇင်ဘာ ၂ ရက်တွင် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ ကျင်းပခဲ့ရာ အဆိုပါစနစ်ကို ဗီယက်နမ်နိုင်ငံဈေးကွက်၌ တရားဝင်စတင်အသုံးပြုခြင်းအား အမှတ်သင်္ကေတပြုလျက်ရှိသည်။
အဆိုပါစနစ်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့် တရုတ်စားသုံးသူများအတွက် ရှေးဦးစွာ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။ တရုတ်စားသုံးသူများကလည်း UnionPay App ၊ တရုတ်နိုင်ငံ ICBC ဘဏ် မိုဘိုင်းဘဏ်နှင့် ဗီယက်နမ်ပြည်တွင်း၌ “UnionPay အွန်လိုင်းငွေပေးချေမှု ပလက်ဖောင်း” အား ပံ့ပိုးပေးနိုင်သည့် အခြားသော Wallet အက်ပလီကေးရှင်း စသည်တို့ကို အသုံးပြု၍ ဗီယက်နမ်နိုင်ငံ အမျိုးသား QR Code ဖြစ်သော VietQR အား လက်ခံနိုင်သည့် ရောင်းချသူများထံတွင် ကုတ်စကင်န်ဖတ်၍ ငွေပေးချေနိုင်သည်။
ဗီယက်နမ်နိုင်ငံ အမျိုးသားငွေပေးချေမှု ကော်ပိုရှေးရှင်း အမှုဆောင်အရာရှိချုပ် Nguyen Quang Minh က အခမ်းအနားတွင် အမှာစကား ပြောကြားရာ၌ QR Code ဖြင့် နှစ်ဖက်ငွေပေးချေမှုအား အကောင်အထည်ဖော်ခြင်းသည် သမိုင်းမှတ်ကျောက်တိုင် အနက်အဓိပ္ပာယ်ရှိကြောင်း၊ နှစ်နိုင်ငံ ဘဏ္ဍာရေးလုပ်ငန်း အပြန်အလှန်ချိတ်ဆက်မှုကို မြှင့်တင်ပေးကာ ဗီယက်နမ်-တရုတ် ကုန်သွယ်စီးပွားရေးနှင့် ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ICBC ဘဏ် ဟနွိုင်းဘဏ်ခွဲ ဥက္ကဋ္ဌ စွန်းဖုန်းလေက သတင်းထောက်မေးမြန်းမှုအား ဖြေကြားရာ၌ တရုတ်နိုင်ငံ ICBC ဘဏ်သည် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု၊ QR Code စနစ်၏ တရုတ်ဘက် စာရင်းရှင်းမှုဘဏ်လုပ်ဆောင်ချက်တို့အား တာဝန်ယူထားကြောင်း၊ ယခုအကြိမ်သည်လည်း ပထမဆုံးအကြိမ်အဖြစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုကဏ္ဍတွင် တရုတ်ယွမ်နှင့် ဗီယက်နမ်ဒေါင်တို့ တိုက်ရိုက်လဲလှယ်မှုကို ဖော်ဆောင်ခြင်းဖြစ်ရာ ဆက်လက်ပြီး နှစ်နိုင်ငံအကြား ပိုမိုကျယ်ပြန့်နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် စမ်းသပ်မှုအတွေ့အကြုံများ စုစည်းပေးလိုက်ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်-ဗီယက်နမ် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုများပြားသည့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
UnionPay International အမှုဆောင်အရာရှိချုပ် ဝမ်လိရှင်းက ဗီယက်နမ်သည် တရုတ်ခရီးသွားဧည့်သည်များ အနှစ်သက်ဆုံး ခရီးသွားလည်ပတ်ရန် နေရာများအနက်တစ်ခု ဖြစ်လာပြီဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှု လိုအပ်ချက်များ တစ်နေ့တခြားတိုးပွားလာရာ ၎င်းစနစ်အားဖော်ဆောင်ခြင်းသည် ကုန်သည်များအား အကျိုးပြုသော၊ ပြည်သူများအား အကျိုးပြုသော ဘုံအကျိုးစီးပွားဖြစ်ထွန်းသည့် အခြေအနေကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ပြည်သူ့ဘဏ်နှင့် ဗီယက်နမ် အမျိုးသားဘဏ်တို့၏ လမ်းညွှန်မှုဖြင့် တရုတ်နိုင်ငံ ICBC ဘဏ်၊ UnionPay International ၊ ဗီယက်နမ် အမျိုးသားငွေပေးချေမှု ကော်ပိုရေးရှင်းနှင့် ဗီယက်နမ် Vietcom ဘဏ်တို့သည် ယခုနှစ် ဧပြီလတွင် “တရုတ်-ဗီယက်နမ် QR Code ဖြင့် လက်လီရောင်းချမှု ငွေပေးချေရေး အပြန်အလှန်ချိတ်ဆက်ခြင်းဆိုင်ရာ လေးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်” အား လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်-ဗီယက်နမ် QR Code အပြန်အလှန်ချိတ်ဆက် ငွေပေးချေခြင်းစနစ်အား စတင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။