လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် မြို့ပြအသွင်ပြောင်းရေး မဟာဗျူဟာသစ်အား အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် တိုက်တွန်း

Xinhua, December 8, 2025
Size:

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ လေ့လာဆန်းစစ်မှု အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြည်သူဗဟိုပြု မြို့ပြအသွင်ပြောင်းရေး မဟာဗျူဟာသစ်အား အကောင်အထည်ဖော်ရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများ တစ်ပေါင်းတစ်စည်းတည်း ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သော ပြည်တွင်းဝယ်လိုအား အလားအလာကို ဖော်ထုတ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဒီဇင်ဘာ ၃ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ လေ့လာဆန်းစစ်မှု အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်စဉ် လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်များဖြစ်ကြသည့် တင်းရွှဲရှန်၊ ဟယ်လိဖုန်းနှင့် နိုင်ငံတော်ကောင်စီဝင် ဝမ်ရှောင်ဟုန်တို့က ထိုအစည်းအဝေး၌ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်တွင်းဝယ်လိုအား တိုးမြှင့်ရေး၊ စက်မှုလုပ်ငန်း အဆင့်မြှင့်တင်ခြင်းအား အထောက်အကူပြုရေး၊ ပြည်တွင်းစီးပွားရေး အဆင်ပြေချောမွေ့စွာလည်ပတ်မှုကို ခိုင်မာအောင်လုပ်ဆောင်ရေးအတွက် မြို့ပြအသွင်ပြောင်းမှု မဟာဗျူဟာသစ်က အရေးပါကြောင်း၊ လွန်ခဲ့သောနှစ်များအတွင်း အလားတူလုပ်ဆောင်ခဲ့ရာတွင် နိုင်ငံတစ်ဝန်း သိသာထင်ရှားသော တိုးတက်မှုများဖြစ်ထွန်းခဲ့ကာ ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) ၌ မြို့ပြအသွင်ပြောင်းမှု လုပ်ငန်းစဉ်အသစ် ဖော်ဆောင်ရေးအတွက် ကြီးမားသောအလားအလာ ရှိနေဆဲဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ မြို့ပြအသွင်ပြောင်းမှုမှာ လျင်မြန်စွာတိုးတက်သောကာလမှ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်သော အဆင့်သို့ ပြောင်းလဲလာပြီဖြစ်ကြောင်း၊ လူဦးရေဖွဲ့စည်းပုံ၊ မြို့ပြစနစ်၊ မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုတို့တွင် နက်နဲသိမ်မွေ့သော အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း လီက မှတ်ချက်ပြုခဲ့သည်။ သို့ဖြစ်၍ မြို့ပြအသွင်ပြောင်းမှု လုပ်ငန်းစဉ်သစ်၏ သင့်လျော်ကိုက်ညီမှုနှင့် ထိရောက်မှုတို့ကို တစ်ဆင့်တိုးမြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မြို့ပြအသွင်ပြောင်းမှု စီမံကိန်းသစ်အား ပြည်တွင်းအခြေအနေများနှင့်ကိုက်ညီသော၊ “ပြည်သူလူထု၊ စက်မှုလုပ်ငန်းနှင့် မြို့ပြ” အခင်းအကျင်းအား ပိုမိုကောင်းမွန်ပြည့်စုံစေသော နည်းလမ်းဖြင့် အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန်၊ ကျေးလက်မှ ရွှေ့ပြောင်းအခြေချနေထိုင်သူများအတွက် အလုပ်အကိုင်၊ လူမှုဖူလုံရေး၊ အိမ်ရာအဆောက်အအုံနှင့် ကလေးငယ်များ၏ ပညာရေး စသည့် ပြဿနာများအား ဖြေရှင်းနိုင်ရေးအတွက် ပိုမိုထိရောက်၍ သီးသန့်ဦးတည် လုပ်ဆောင်သော အစီအမံများ ချမှတ်ဖော်ဆောင်ကြရန်လည်း လီက တိုက်တွန်းခဲ့သည်။
ထို့အတူ မြို့ပြပြန်လည်အဆင့်မြှင်တင်ရေး အစီအမံအား အကောင်အထည်ဖော်ကာ “အရည်အသွေးမြင့်မားသော နေအိမ်များ” တည်ဆောက်မှုနှင့် အိမ်ခြံမြေကဏ္ဍ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပုံမှန်အဆင့်မြှင့်တင်သွားရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့ပြနှင့် ကျေးလက်ဒေသ တစ်ပေါင်းတစ်စည်းတည်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် မြို့ပြနှင့် ကျေးလက်ဒေသများအကြား အခြေခံအဆောက်အအုံချင်း ချိတ်ဆက်မှု၊ လုပ်ငန်းဆိုင်ရာ ချိန်ညှိမှုတို့ကိုလည်း ပိုမိုအားကောင်းအောင် လုပ်ဆောင်ရမည်ဟု လီက ထပ်လောင်းပြောကြားခဲ့သည်။