ကမ္ဘာ့စီးပွားရေးအန္တရာယ်နှင့် စိန်ခေါ်မှုများကို မာတီနေရှင်နယ်လ်ကုမ္ပဏီလုပ်ငန်းများ၏ သုံးလပတ်အစီရင်ခံစာများမှ ကြည့်ရှုခြင်း

Xinhua, December 5, 2025
Size:

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မာတီနေရှင်နယ်လ်ကုမ္ပဏီလုပ်ငန်းများ၏ သုံးလပတ် ဘဏ္ဍာဝင်ငွေအစီရင်ခံစာကာလ ကုန်ဆုံးတော့မည့်အချိန်တွင် ဥရောပ၊ အမေရိကန်၊ ဂျပန် စသည့် ဖွံ့ဖြိုးပြီးနိုင်ငံစီးပွားရေးအစုအဖွဲ့များ၏ အဓိကကုမ္ပဏီ လုပ်ငန်းရလဒ်များမှာ ဝမ်းသာ၊ ဝမ်းနည်း ဖြစ်စေသည်။ လက်ရှိ ဥရောပ၊ အမေရိက ဈေးကွက်တွင် ဉာဏ်ရည်တု (AI) ၏ ရေပွက်ပမာ တစ်ခဏတာခေတ်စားမှုအပေါ် စိုးရိမ်မှုအရှိန်များ မြင့်တက်လာခြင်း၊ စည်းကြပ်ခွန်အတားအဆီးကြောင့် ကုမ္ပဏီလုပ်ငန်းများ၏ အမြတ်အစွန်းရသည့်အလားအလာကို ဖိအားပေးကျဉ်းမြောင်းလာခြင်း၊ အမေရိကန်နိုင်ငံ၏ စားသုံးမှုလျော့နည်းနေခြင်းပေါ်တွင် ဝန်ထမ်းအများအပြား လျှော့ချမှု ထပ်တိုးဝန်ပိခြင်းတို့က ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် ပိုမိုများပြားသော အန္တရာယ်နှင့် စိန်ခေါ်မှုများကို သယ်ဆောင်ခဲ့သည်။

ဉာဏ်ရည်တု (AI) ၏ ရေပွက်ပမာ တစ်ခဏတာခေတ်စားမှုအပေါ် စိုးရိမ်ဖွယ် ဖြစ်စေ

ယခုနှစ်မှစ၍ ဉာဏ်ရည်တု (AI) အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုများ အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ရာ အမေရိကန် သိပ္ပံနည်းပညာကဏ္ဍ စတော့ခ်ရှယ်ယာများ စံချိန်တင်ဈေးမြင့်တက်ခဲ့သည်။ တတိယသုံးလပတ်တွင် သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများက တည်ငြိမ်ကောင်းမွန်သည့် စွမ်းဆောင်ရည်ကို ပြသခဲ့သည့်အပြင် ရင်းနှီးမြှုပ်နှံမှုများ ထပ်တိုးလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ဈေးကွက်က ဉာဏ်ရည်တုကဏ္ဍအပေါ် ရင်းနှီးမြှုပ်နှံလိုသည့် လှိုက်လှဲမှုက ကျဆင်းခဲ့သည်။
အမေရိကန် ချိ(ပ်စ်)ထုတ်လုပ်သူ Nvidia က တတိယသုံးလပတ်၏ ဝင်ငွေနှင့် အမြတ်ငွေနှစ်ခုလုံးသည် ခန့်မှန်းထားသည်ထက်ကျော်လွန်ကြောင်း၊ စတုတ္ထသုံးလပတ် လုပ်ငန်းစွမ်းဆောင်ရည်သည်လည်း ခန့်မှန်းချက်ထက်သာလွန်မည်ဟု မျှော်မှန်းရကြောင်း နိုဝင်ဘာ ၁၉ ရက်က ကြေညာခဲ့သည်။
Nvidia ပရိုဆက်ဆာများသည် ဉာဏ်ရည်တု အခြေခံအဆောက်အဦတည်ဆောက်မှုအတွက် အလွန်အရေးကြီးပြီး ယင်းလုပ်ငန်းစွမ်းဆောင်ရည် ဖော်ပြမှုက ယခုအကြိမ်ရင်းနှီးမြှုပ်နှံမှုပေါ် အများစိတ်ဝင်စားမှု၏ “အလားအလာ လမ်းညွှန်” အဖြစ် ရှုမြင်ခံရသည်။ သုံးသပ်သူအချို့က ယင်းနောက်ဆုံး ဘဏ္ဍာရေးအစီရင်ခံစာက ဉာဏ်ရည်တုကဏ္ဍ ရေပွက်ပမာခေတ်စားခြင်းအပေါ် ဈေးကွက်၏ စဉ်ဆက်မပြတ်ပိုမိုနက်ရှိုင်းလာသည့် စိုးရိမ်မှုကို အပြည့်အဝ မဖယ်ရှားနိုင်ဟု ယူဆကြသည်။
ဉာဏ်ရည်တု ဝန်ဆောင်မှုလိုအပ်ချက်များ မြင့်တက်လာသည့် အကျိုးကျေးဇူးကြောင့် Amazon ၊ Alphabet ၊ Microsoft နှင့် Metaverse ပလက်ဖောင်းကုမ္ပဏီများ၏ တတိယသုံးလပတ် လုပ်ငန်းစွမ်းဆောင်ရည်သည် ခန့်မှန်းချက်ထက်ပို၍ မြင့်မားခဲ့ရာ အားလုံးက အရင်းအနှီး အသုံးစရိတ်မျှော်မှန်းချက်ကို မြှင့်တင်ပြီး ဉာဏ်ရည်တု အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုကို ထပ်တိုးခဲ့သည်။ အဆိုပါကုမ္ပဏီလေးခုသည် ယခုနှစ်တွင် ရင်းနှီးငွေအသုံးစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၀ ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းကြသော်လည်း ကိုယ်စီ စတော့ခ်ရှယ်များက ဧရာမများပြားသည့် ရင်းနှီးမြှုပ်နှံမှုအပေါ် တုံ့ပြန်မှုများက ကွဲပြားကြသည်။

သုံးသပ်သူများက သိပ္ပံနည်းပညာကုမ္ပဏီကြီးများအနေဖြင့် ဉာဏ်ရည်တုကဏ္ဍတွင် ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နေပြီး သက်ဆိုင်ရာ အကျိုးရလဒ်မှာ မရေရာမှုများနှင့် ပြည့်နှက်လျက်ရှိသည်ဟု ထောက်ပြကြသည်။ ဈေးကွက်သုတေသနဌာန E-commerce ဈေးကွက် သုတေသနကုမ္ပဏီ သုံးသပ်သူပညာရှင် Jacob Bourne က လုပ်ငန်းများအနေဖြင့် ပမဏအထူးကြီးမားသည့် ဒေတာစင်တာများက ပံ့ပိုးပေးသည့် ထုတ်လုပ်မှုစွမ်းရည်ကို လျင်မြန်စွာအသုံးချရန် ခဲယဉ်းနိုင်ကြောင်း၊ စွမ်းအင်၊ မြေယာ၊ ဓာတ်အားလိုင်းကွန်ရက် ချိတ်ဆက်မှု စသည့် ရုပ်ဝတ္တုပိုင်း အကျပ်အတည်းများကလည်း အတားအဆီးများ သယ်ဆောင်လာနိုင်ကြောင်း ယူဆသည်။

အမေရိကန်ဘဏ်က ရန်ပုံငွေမန်နေဂျာ ၂၀၀ ကျော်ကို နောက်ဆုံးစစ်တမ်းကောက်ယူမှုတွင် မေးမြန်းမှုအား လက်ခံဖြေကြားသူ ထက်ဝက်ကျော်သည် ဉာဏ်ရည်တုစတော့ခ်ရှယ်ယာများသည် ရေပွက်ပမာခဏတာ ဖြစ်နိုင်ခြင်း ၊ “သိပ္ပံနည်းပညာကုမ္ပဏီကြီး ခုနစ်ခု” ကိုယ်စားပြုသည့် သိပ္ပံနည်းပညာလုပ်ငန်းများ အတိုင်းထက်အလွန် ရင်းနှီးမြှုပ်နှံမှုက ဈေးကွက်ငွေကြေး အလွန်စုဝေးမှု ဖြစ်နိုင်ခြင်း ရှိသည်ဟု ယူဆကြောင်း ဖော်ပြထားသည်။

ခန့်မှန်းတန်ဖိုးမြင့်မားသော ပတ်ဝန်းကျင်တွင် ဉာဏ်ရည်တုကဏ္ဍ တိုးတက်မှုသည် မျှော်မှန်းချက်ကို လိုက်မမီပါက ဘဏ္ဍာရေးဈေးကွက်သည် ပြင်းထန်သည့် ထိုးနှက်မှုများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဩစတြေးလျ “The Conversation” ဝက်ဘ်ဆိုက် ဆောင်းပါးက ယူဆသည်။

သိပ္ပံနည်းပညာဧရာမကုမ္ပဏီများ၏ တန်ဖိုးဖြတ်မှု တွန်းအားခံရခြင်းကြောင့် S&P 500 စတော့ခ်ရှယ်ယာ အညွှန်းကိန်းကာလစက်ဝန်း၏ ဈေးနှုန်းနှင့် ဝင်ငွေအချိုးအစား ချိန်ညှိမှုက ၂၀၀၀ ပြည့်နှစ် အွန်လိုင်းရေပွက်ပမာ ခေတ်စားမှုမှစ၍ အမြင်ဆုံး အဆင့်ဖြစ်ခဲ့ကြောင်း၊ ဉာဏ်ရည်တုရေပွက် ပျက်စီးပျောက်ကွယ်သွားခြင်းသည် ကမ္ဘာ့စီးပွားရေးကျဆင်းမှုအန္တရာယ်ကို သယ်ဆောင်လာမည်ဖြစ်ကြောင်း ဗြိတိန် “The Economist” ဆောင်းပါးတွင် ထောက်ပြထားသည်။

မြင့်မားသည့် စည်းကြပ်ခွန် အတားအဆီးများက လုပ်ငန်းစွမ်းဆောင်ရည်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း
အမေရိကန် စည်းကြပ်ခွန်မူဝါဒ၏ ရိုက်ခတ်မှုက တတိယသုံးလပတ်တွင် ပို၍ သိသာထင်ရှားလာရာ ဥရောပနှင့် ဂျပန်၏ ပို့ကုန် ဦးတည်လုပ်ဆောင်နေရသော ကုမ္ပဏီလုပ်ငန်း အများအပြား၏ သုံးလပတ်အလိုက် လုပ်ငန်းစွမ်းဆောင်ရည်နှင့် တစ်နှစ်ပတ်လုံး မျှော်မှန်းချက်မှာ သိသိသာသာ ထိခိုက်လာသလို အမေရိကန် ကုမ္ပဏီလုပ်ပန်းများသည်လည်း စည်းကြပ်ခွန်မှ သယ်ဆောင်လာသည့် အပိုကုန်ကျစရိတ်များကို ခံစားနေရပေသည်။
Bloomberg သတင်းအချက်အလက်သုတေသနကုမ္ပဏီ၏ ဒေတာများတွင် ဘဏ္ဍာရေးအစီရင်ခံစာကာလ ကုန်ဆုံးတော့မည်ဖြစ်သည်နှင့်အတူ MSCI Europe Index ရှယ်ယာတစ်စုလျှင် အကျိုးအမြတ်တိုးတက်မှုနှုန်းမှာ ၅.၇ ရာခိုင်နှုန်းအထိရှိရာ ခန့်မှန်းထားသည်ထက် မြင့်မားကြောင်း ဖော်ပြထားသော်လည်း စည်းကြပ်ခွန်အန္တရာယ်က ဥရောပလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံစာတွင် အခိုင်အမာဖော်ပြထားသည်။

ဥရောပ ဇိမ်ခံပစ္စည်းကုမ္ပဏီများက မြင့်မားသည့် စည်းကြပ်ခွန်၏ ဖိအားအောက်တွင် အကျဘက်သို့ လျှောက်လှမ်းနေသည်။ ပြင်သစ် LVMH လုပ်ငန်းစု အဓိကဖက်ရှင်နှင့် သားရေထုတ်ကုန်ပစ္စည်းဌာန ယခင်သုံးလပတ်ကာလ သုံးခု၏ ဝင်ငွေသည် ယမန်နှစ်ကာလတူထက် ၈ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သလို ပြင်သစ်ဖက်ရှင်လုပ်ငန်းစု Kering လက်အောက်ရှိ အဓိကအမှတ်တံဆိပ်ဖြစ်သည့် Gucci ၏ ယခင်သုံးလပတ်ကာလသုံးခု ဝင်ငွေမှာ ယမန်နှစ်ကာလတူထက် ၂၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။

ဂျာမနီကားထုတ်လုပ်သူကုမ္ပဏီ အများအပြား ဘဏ္ဍာရေးအစီအရင်ခံများတွင် မြင့်မားသည့် စည်းကြပ်ခွန်က ၎င်းတို့၏အမြတ်အစွန်းကို ဝန်ဖိအားဖြစ်စေကြောင်း ဖော်ပြထားသည်။ Porsche လုပ်ငန်းအုပ်စု မော်တော်ယာဉ်လုပ်ငန်း၏ ယခင်သုံးလပတ်ကာလသုံးခုတွင် လုပ်ငန်းလည်ပတ်မှု အမြတ်ငွေမှာ ယမန်နှစ်ကာလတူထက် ၉၉ ရာခိုင်နှုန်းခန့် တစ်ဟုန်ထိုး ကျဆင်းခဲ့ရာ ယူရိုငွေ ၄ ဘီလီယံခန့်မှ ယူရိုငွေ သန်း ၄၀ ခန့်အထိ ပမာဏအများအပြား ကျဆင်းခဲ့သည်။

Volkswagen လုပ်ငန်းအုပ်စု၏ ဘဏ္ဍာရေးအစီရင်ခံစာတွင် ကုမ္ပဏီ၏ ယခင် ၉ လကြာကာလ အမြတ်ငွေသည် ယမန်နှစ်ကာလတူထက် ၅၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ မြင့်မားသည့် စည်းကြပ်ခွန်များက ကုမ္ပဏီအတွက် နစ်နာဆုံးရှုံးစေမှုမှာ တစ်နှစ်ပတ်လုံးအနေဖြင့် ယူရို ၅ ဘီလီယံအထိ မြင့်မားနိုင်မည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။

ဂျပန်ဈေးကွက်တွင် SMBC Nikko Securities က TOPIX Index ကုမ္ပဏီစာရင်းဝင် ၉၀ ရာခိုင်နှုန်းကျော်၏ လုပ်ငန်းစွမ်းဆောင်ရည်များကို စုစည်းအနှစ်ချုပ်ရာတွင် ယင်းကုမ္ပဏီများ၏ အသားတင်အမြတ်ငွေ စုစုပေါင်း ပမာဏမှာ ယမန်နှစ်ကာလတူထက် ၂.၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်ကို တွေ့ရှိရသည်။ တင်သွင်းသည့် မော်တော်ယာဉ်များအပေါ် အမေရိကန်က စည်းကြပ်ခွန် ထပ်တိုးကောက်ခံမှု၏ဒဏ်ခံရခြင်းကြောင့် ဂျပန်မော်တော်ကားလုပ်ငန်းများ၏ ပထမဘဏ္ဍာနှစ်ဝက် လုပ်ငန်းစွမ်းဆောင်ရည်မှာ အစုလိုက်အပြုံလိုက် ကျဆင်းခဲ့သည်။

စည်းကြပ်ခွန်ထပ်တိုးကောက်ခံခြင်းကြောင့် ဂျပန်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်သူ လုပ်ငန်းကြီး ခုနစ်ခုအတွက် စုစုပေါင်း ဂျပန်ယန်းငွေ ၁.၅ ထရီလီယံ (၁ ဒေါ်လာလျှင် ၁၅၄ ယန်း) ဆုံးရှုံးမည် ဖြစ်ကြောင်း “The Nikkei စီးပွားရေးသတင်းစာ” က ခန့်မှန်းထားသည်။

စည်းကြပ်ခွန်မူဝါဒက အမေရိကန်ကုမ္ပဏီလုပ်ငန်းများကိုလည်း ထိခိုက်နစ်နာစေသည်။ ကမ္ဘာကျော် အရုပ်ထုတ်လုပ်မှုကုမ္ပဏီကြီး Mattel ၏ တတိယ သုံးလပတ် အသားတင် အမြတ်ငွေသည် လေးပုံတစ်ပုံ ကျဆင်းသွားရာ ကန်ဒေါ်လာ ၂၇၈ သန်းအထိ ကျဆင်းခဲ့သည်။

သိုလှောင်ထားသည့်ကုန်စည်များ ကုန်ဆုံးလာခြင်းနှင့်အတူ အမေရိကန် အရုပ်ထုတ်လုပ်သူသည် စည်းကြပ်ခွန်မူဝါဒ၏ သက်ရောက်မှုကို စတင် ဘက်စုံခံစားနေရကြောင်း၊ နောက်ဆုံးကုန်စည်သယ်ယူပို့ဆောင်မှုက ကုန်သွယ်ရေးနစ်နာဆုံးရှုံးမှုပို၍ ဖြစ်စေသောကြောင့် ကုမ္ပဏီလုပ်ငန်းအနေဖြင့် ကုန်စည်သိုလှောင်မှုကို ထပ်မံဖြည့်စွက်ရန် ဆန္ဒမရှိကြောင်း “Bloomberg” ဆောင်းပါးတွင် ဖော်ပြထားသည်။
ကမ္ဘာ့စီးပွားရေးအပေါ် အမေရိကန် စည်းကြပ်ခွန်၏ သက်ရောက်မှုက လာမည့်နှစ်နှင့် နောက်ပိုင်းကာလများအထိ ဆက်လက်ရှိနိုင်သေးကြောင်း “The Wall Street Journal” က ယူဆသည်။ ဥရောပကော်မရှင်က နိုဝင်ဘာ ၁၇ ရက်တွင် လာမည့်နှစ် ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို လျှော့ချခဲ့ကြောင်း သိရသည်။

စားသုံးမှု နည်းပါးခြင်းနှင့်အတူ ဝန်ထမ်းအင်အားလျှော့ချမှု ဒီရေလှိုင်းက ထပ်တိုးလာခြင်း
အမေရိကန် စားသုံးမှုအမျိုးအစားကုမ္ပဏီလုပ်ငန်းများ၏ ဝန်ဖိအားက တတိယသုံးလပတ်တွင် ပေါ်လွင်ထင်ရှားလာရာ ပြည်တွင်းစားသုံးသူများ၏ သုံးစွဲလိုမှုလျော့နည်းလာသည်။ အကြီးစား ကုမ္ပဏီလုပ်ငန်းများက ဝန်ထမ်းအင်အား လျှော့ချမည်ဟု ဆက်တိုက်ကြေညာလာခြင်းက အမေရိကန် စီးပွားရေးအတွက် အရိပ်မည်းကျစေသည်။
အမေရိကန် ထုပ်ပိုးစားသောက်ကုန်အမှတ်တံဆိပ်ဖြစ်သည့် Kraft Heinz ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Carlos Abrams-Rivera က ခရစ္စမတ်ရာသီ ဝင်ရောက်လာပြီဖြစ်သော်လည်း စားသုံးသူများ၏ သုံးစွဲလိုမှုက ဆယ်စုနှစ်များအတွင်း “အဆိုးရွားဆုံးအခြေအနေ တစ်ခု” ကို ရောက်ရှိနေကြောင်း ဆိုသည်။

အမေရိကန် စားသုံးမှုအခြေအနေမှာ ဆိုးဆိုးရွားရွား ကွဲပြားမှုများရှိရာ ချမ်းသာကြွယ်ဝသည့် စားသုံးသူများက စားသုံးမှုကို ပုံမှန်ထိန်းထားခြင်း သို့မဟုတ် ထပ်တိုးမြှင့်တင်ခြင်းရှိပြီး ဝင်ငွေနည်းပါးသည့် စားသုံးသူများကမူ အသုံးစရိတ်များကို မဖြစ်မနေ လျှော့ချနေရကြောင်း သုံးသပ်သူများက ယူဆကြသည်။ ကိုကာကိုလာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် Henrique Braun အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသည့် စားသုံးသူများက ပိုမိုကြီးမားသော ဖိအားနှင့်ရင်ဆိုင်ရလျက်ရှိကြောင်း ဆိုသည်။

အလုပ်အကိုင်ဈေးကွက်အပေါ် စိုးရိမ်မှုက အမေရိကန်စားသုံးသူများ ယုံကြည်ချက်ကျဆင်းခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း CNBC သတင်းက ဖော်ပြထားသည်။
အမေရိကန် အလုပ်အကိုင်အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သည့် Challenger, Gray & Christmas ကုမ္ပဏီ၏ အစီရင်ခံစာတွင် ယခုနှစ် ပထမ ၉ လကြာကာလတွင် အမေရိကန်နိုင်ငံ၏ ဝန်ထမ်းအင်အားလျှော့ချမှုမှာ ၁ သန်းနီးပါးရှိရာ ၂၀၂၀ ပြည့်နှစ်မှစ၍ ကာလတူအတွင်း ဝန်ထမ်းလျှော့ချသည့် စုစုပေါင်းပမာဏ အများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

Goldman Sachs ၏ အချက်အလက်များတွင် စက်တင်ဘာလဆန်းမှစ၍ Amazon ၊ UPS နှင့် လက်လီရောင်းဝယ်ရေး လုပ်ငန်းကြီး Target အပါအဝင် S&P 500 ကုမ္ပဏီ အနည်းဆုံး ၁၇ ခုက စုစုပေါင်း ဝန်ထမ်း ၈၀,၀၀၀ ခန့်ကို အလုပ်ဖြုတ်ခဲ့ကြသည်။
အမေရိကန်လုပ်ငန်းဘဏ္ဍာရေးအဖွဲ့အစည်းဖြစ်သည့် Navy Federal Credit Union ထိပ်တန်းစီးပွားရေးပညာရှင် Heather Long က အမေရိကန်အလုပ်အကိုင်ဈေးကွက်သည် လပေါင်းများစွာကြာ ရပ်တန့်သည့်အနေအထားတွင် ရှိကြောင်း၊ အကယ်၍ ဝန်ထမ်းအင်အားလျှော့ချသည့်အခြေအနေ ပို၍ ဆိုးရွားလာပါက စားသုံးသူများက “ပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင်” ပို၍ ကိုင်ထားနိုင်ကြောင်း ဆိုသည်။
စားသုံးသူ ယုံကြည်ချက် ကျဆင်းလာခြင်း၊ ဝန်ထမ်းအင်အားလျှော့ချမှုပမာဏ ထိတ်လန့်အံဩဖွယ်ကောင်းခြင်းတို့နှင့် ထပ်မံပေါင်းစပ်ခြင်းကြောင့် အမေရိကန်တွင် စီးပွားရေးကျဆင်းမှု ဖြစ်နိုင်ကြောင်း အမေရိကန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဘုတ်အဖွဲ့ဝင် Christopher Waller က မကြာမီရက်ပိုင်းတွင် သတိပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဆိပ်ကမ်းလုပ်ငန်းအဖွဲ့ နန်ကျင်းဆိပ်ကမ်းတွင် တင်ပို့မည့် မော်တော်ကားများအား သင်္ဘောတင်ရန် ပြင်ဆင်နေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဘာလင်မြို့ လမ်းမြင်ကွင်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)