လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ထူထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနား လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပ

Xinhua, December 5, 2025
Size:

လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့တွင် ကျင်းပသော လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းသည် အသင်းထူထောင်ခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတွင် နိုဝင်ဘာ ၂၅ ရက်က ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Saleumxay Kommasith ၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဖောင်းဟုန်၊ လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ စိန်ရွှယ်ချင်နှင့် လာအိုနိုင်ငံအစိုးရအရာရှိများ၊ အသင်းဝင် လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှ ဧည့်သည်တော်များ စုဝေးကာ ဆယ်စုနှစ် နှစ်ခုကြာ ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို အတူ ပြန်လည်အောက်မေ့ကာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်သစ်များကို ရှုမျှော်ခဲ့ကြသည်။
လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Saleumxay Kommasith က လာအိုနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သည်ကြီးများအသင်းနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကုမ္ပဏီများ၏ အကျိုးဆောင်မှုကို အထူးချီးကျူးပြောကြားခဲ့သည်။

လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားနေသာ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ် Saleumxay Kommasith အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမှာစကားပြောကြားရာတွင် ၎င်းက လာအိုအစိုးရအနေဖြင့် အစိမ်းရောင်စီးပွားရေး၊ သန့်ရှင်းစွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စိုက်ပျိုးရေးထုတ်ကုန် ကုန်ချောထုတ်လုပ်မှု၊ ခရီးသွားဝန်ဆောင်မှုနှင့် ကုန်ချောထုတ်လုပ်ရေးလုပ်ငန်း စသည့် ကဏ္ဍများတွင် တရုတ်ကုမ္ပဏီလုပ်ငန်းများ ဆက်လက် ရင်းနှီးမြှုပ်နှံရန် ကြိုဆိုကြောင်း၊ လာအိုနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားအား အာမခံမှုရှိစေရန် စီးပွားရေးပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားနေသာ လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဖောင်းဟုန်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဖောင်းဟုန်က အမှာစကားပြောကြားရာတွင် အသင်းဝင်များအား ဝန်ဆောင်မှု၊ အစိုးရနှင့် ကုမ္ပဏီလုပ်ငန်းများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-လာအို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကဏ္ဍအား မြှင့်တင်မှုတွင် ကုန်သည်ကြီးများအသင်း၏ အစားထိုးမရသော အခန်းကဏ္ဍမှပါဝင်မှုကို အပြည့်အဝ အသိအမှတ်ပြုခဲ့သည်။

၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ် အကြံပြုချက်ကို အတည်ပြုခဲ့ကြောင်း၊ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကာလတွင် တရုတ်နိုင်ငံအနေဖြင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို ခိုင်ခိုင်မာမာ မမှိတ်မသုန်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆင့်မြင့် ပြင်ပသို့တံခါးဖွင့်လှစ်မှုကို တိုးချဲ့ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို နက်ရှိုင်းစေမည်ဖြစ်ကြောင်း၊ ယင်းမှာ လာအိုနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးအတွက် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းအသစ်များ ဆောင်ကြဉ်းပေးလိုက်ကြောင်း၊ ကုန်သည်ကြီးများအသင်းအနေဖြင့် ကုမ္ပဏီလုပ်ငန်းများကို ဦးဆောင်ကာ အခွင့်အလမ်းကို အမိအရဖမ်းဆုပ်ရန်၊ တရားဝင် ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်ညီ လုပ်ကိုင်ရန်၊ လူမှုတာဝန်ဝတ္တရားများကို တက်ကြွစွာ ထမ်းဆောင်ရန် မျှော်လင့်ကြောင်း၊ လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးအနေဖြင့် လာအိုရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများတိုးတက်ရေးကို အစဉ်သဖြင့် အားပေးထောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ စိန်ရွှယ်ချင်က အမှာစကားပြောကြားရာတွင် နှစ်ပေါင်း ၂၀ ကြာကာလတွင် အသင်းအနေဖြင့် “အသင်းဝင်များအား ဝန်ဆောင်မှုပေးရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု အတူကြိုးပမ်းရေး” ဟူသော ရည်မှန်းချက်ကို လက်ကိုင်ထားခြင်းအား ပြန်လည်အောက်မေ့ခဲ့သလို တရုတ်-လာအို ဆက်ဆံရေးက အိမ်နီးချင်းချစ်ကြည်ရေးမှသည် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ်သို့ အဆင့်မြှင့်တင်ခဲ့သော ဖြစ်စဉ်များကို မျက်မြင်သက်သေပြုကာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လာအိုနိုင်ငံအစိုးရက စုစုပေါင်း စိစစ်ခွင့်ပြုခဲ့သော တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၉၂၇ ခု၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရှိရာ ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်နိုင်ငံ၏ ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း တရုတ်-လာအို နှစ်ဖက်ကုန်သွယ်ရေးပမာဏမှာ ကန်ဒေါ်လာ ၆.၉၆၈ ဘီလီယံအထိရှိပြီး ယမန်နှစ်ကာလတူထက် ၁၄.၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ လတ်တလောငါးနှစ်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကုမ္ပဏီများသည် လာအိုနိုင်ငံ၌ လူမှုဖူလုံရေးငွေကြေး ကန်ဒေါ်လာ ၅ သန်းကျော် ထည့်ဝင်ပြီးဖြစ်ရာ စာသင်ကျောင်းပေါင်း ၃၀ ကျော်ကို ကူညီတည်ဆောက်ပေးခဲ့သလို အသက်မွေးဝမ်းကျောင်း နည်းပညာမွမ်းမံသင်တန်း ၄၀၀ ကျော် ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်း၏ မိတ်ဆက်ပြောကြားများအရ သိရသည်။

အခမ်းအနားတွင် “တရုတ်-လာအို စိတ်တူကိုယ်တူ အနာဂတ်သစ် တည်ဆောက်မည် – လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ESG အတူရှင်သန်ခြင်း မှတ်တမ်း” မှတ်တမ်းရုပ်ရှင်ကို ပွဲဦးထွက်ပြသခဲ့သည်။ ထို့အတူ “လာအိုနိုင်ငံရှိ တရုတ်ကုမ္ပဏီလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုတာဝန်ထမ်းဆောင်မှုများ အစီရင်ခံစာ (ESG)” ကို ထုတ်ပြန်ခဲ့ရာ ဆယ်စုနှစ် နှစ်ခုကြာကာလတွင် တရုတ်ကုမ္ပဏီလုပ်ငန်းများက လာအိုနိုင်ငံတွင် လူမှုတာဝန်ထမ်းဆောင်မှုများ၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး ရေရှည်လှုပ်ရှားမှုများကို စနစ်တကျ စီစဉ်ရေးသားထားသည်။

ကုန်သည်ကြီးများအသင်း၏ပံ့ပိုးမှုဖြင့် ဆူဖနုဗောင် တက္ကသိုလ် ကွန်ဖြူးရှပ်စာသင်ကျောင်းအဖွဲ့သားများ ရေးသားပြုစုသည့် “သိပ္ပံနည်းပညာ တရုတ်နိုင်ငံ ဖတ်စာသင်ရိုးညွှန်းတမ်း – လာအိုဘာသာ” စာအုပ်ကို လာအိုရှိ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများက မျက်မှောက်ခေတ် တရုတ်နိုင်ငံအား သိရှိနားလည်မှုများ ပိုမိုနက်ရှိုင်းလာမှုကို အထောက်အကူပြုရန် ရည်ရွယ်ကာ အခမ်းအနားတွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် “လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း အသင်းဝင်ကုမ္ပဏီလုပ်ငန်းများ စည်းကမ်းထိန်းသိမ်းရေးစာချုပ်” လက်မှတ်ရေးထိုးပွဲကိုလည်း ကျင်းပခဲ့သည်။

လာအိုနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းသည် ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ဖြင့် ထူထောင်ထားသည့် နိုင်ငံခြားကုန်သည်ကြီးများအသင်းဖြစ်သည်။ လက်ရှိ အသင်းကြီးရှိ အသင်းဝင် ကုမ္ပဏီလုပ်ငန်း စုစုပေါင်း ၁၀၀ ကျော်ရှိပြီး ၎င်းလက်အောက်တွင် အသင်းခွဲ ၂၅ ခုရှိရာ လုပ်ငန်းရေးရာတွင် စွမ်းအင်၊ အခြေခံအဆောက်အဦ၊ ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေးနှင့် သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ စသည့် အဓိကနယ်ပယ်များ လွှမ်းခြုံပါဝင်သည်။