
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် အာဆီယံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသော မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စွမ်းအင်ကူးပြောင်းမှုနှင့် ရေအသွင်ပြောင်းမှု ဝန်ကြီး Fadillah Yusof အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာဆီယံသည် အနာဂတ်အား အဆုံးအဖြတ်ပေးနိုင်သည့် အချက်အချာကျသည့် ၁၀ နှစ်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဖြင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို မြှင့်တင်ကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်လိုအပ်ကြောင်း မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စွမ်းအင်ကူးပြောင်းမှုနှင့် ရေအသွင်ပြောင်းမှု ဝန်ကြီး Fadillah Yusof က နိုဝင်ဘာ ၂၅ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ပြောကြားခဲ့သည်။
Fadillah Yusof သည် ထိုနေ့တွင် ၂၀၂၅ ခုနှစ် အာဆီယံ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။ လက်ရှိတွင် တစ်ကမ္ဘာလုံးသိပ္ပံနည်းပညာများ လျင်မြန်စွာထိုးဖောက်မှု၊ စီးပွားရေးဖွဲ့စည်းပုံ နက်ရှိုင်းစွာ ပြင်ဆင်ထိန်းညှိမှုများ ဖြစ်ပေါ်လျက်ရှိရာ စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆန်းသစ်တီထွင်မှုရလဒ်အား အတူမျှဝေခြင်းသည် အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအား တွန်းအားပေးသည့် မဖြစ်မနေလိုအပ်ချက်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
အာဆီယံနိုင်ငံအသီးသီးအနေဖြင့် မဟာဗျူဟာမြောက် သိပ္ပံသုတေသနလုပ်ငန်း၌ ရင်းနှီးထည့်ဝင်မှုကို တစ်ဆင့်တိုးမြှင့်တင်ကာ အချက်အချာနည်းပညာ၏ သုတေသနဖော်ဆောင်မှုနှင့် စီးပွားဖြစ်အသုံးပြုမှုအား အရှိန်မြှင့်တွန်းအားပေးပြီး တစ်ကမ္ဘာလုံး သိပ္ပံသုတေသနအဖွဲ့အစည်းများနှင့် အဆင့်မြင့်လူရည်ချွန်များ အာဆီယံသို့ လာရောက်ခြင်းအား ဆွဲဆောင်ရန်လည်း Fadillah Yusof က တိုက်တွန်းခဲ့သည်။
အာဆီယံအနေဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်း၍ အတူမျှဝေမှုနှင့် အတူတကွတာဝန်ယူမှုရှိသော စိတ်ဓာတ်အား ဆက်လက်အရင်းခံကာ ဒေသတွင်းက သိပ္ပံနည်းပညာဖြင့် အားဖြည့်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်၍ ကြံ့ကြံ့ခံနိုင်ရည်ရှိသော အနာဂတ်ဆီသို့ လျှောက်လှမ်းခြင်းအား တွန်းအားပေးရန် မျှော်လင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် အာဆီယံ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေးသည် ရှေ့ပြေးသိပ္ပံနည်းပညာ၊ ကုန်ထုတ်လုပ်ငန်းညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများကို အာရုံစိုက်ထားပြီး အာရှနှင့် တစ်ကမ္ဘာလုံး သိပ္ပံနည်းပညာ ဂေဟဖလှယ်မှုပလက်ဖောင်းအား တည်ဆောက်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တရုတ်၊ ကနေဒါ၊ ဩစတြေးလျနှင့် အာဆီယံနိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။