၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ဒေသန္တရအစိုးရ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ယူနန်ပြည်နယ်၊ တာ့လီမြို့တွင် ကျင်းပ

lmcchina.org, November 28, 2025
Size:

၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင် ဒေသန္တရအစိုးရ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်နှင့် သမိုင်းဝင်နာမည်ကျော် ယဉ်ကျေးမှုမြို့တော်များအကြား ဆွေးနွေးပွဲကို ယူနန်ပြည်နယ်၊ တာ့လီမြို့တွင် နိုဝင်ဘာလ ၁၉ ရက်က ကျင်းပခဲ့သည်။

ယူနန်ပြည်နယ်  ပါတီကော်မတီ အတွင်းရေးမှူး Wang Ning၊ တရုတ်ပြည်သူ့နိုင်ငံခြားနှင့် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Yang Wanming၊ လာအိုနိုင်ငံ လွမ်နမ်ထာပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး Vansavad၊ ဗီယက်နမ်နိုင်ငံ တူယန်ကွမ်းပြည်နယ် ပြည်နယ်ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ Phan Huy Ngoc စသည့် လန်ချန်း-မဲခေါင်ဒေသခြောက်နိုင်ငံမှ သက်ဆိုင်ရာဌာနများနှင့် ဒေသန္တရအစိုးရ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာသံတမန်များအပါအဝင် လူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

Wang Ning က ၁၀ နှစ်ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အခွင့်အလမ်းများ မျှဝေရန်အတွက် ရွှေရောင်ချိတ်ဆက်မှု၊ ဂေဟဗေဒကို ပူးတွဲကာကွယ်သော အစိမ်းရောင်ချိတ်ဆက်မှုနှင့် သာယာချမ်းမြေ့မှု အတူတည်ဆောက်သော ပြည်သူစိတ်နှလုံးချင်းချိတ်ဆက်မှု ဖြစ်လာခဲ့ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုသည် ပွင့်ခတ်ဝေဖြာလျက်ရှိပြီး ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ ယူနန်ပြည်နယ်သည် လန်ချန်း-မဲခေါင်စိတ်ဓာတ်ကို မြှင့်တင်ပေးမည်ဖြစ်ပြီး ဒေသန္တရ ဖလှယ်မှုများကို အားကောင်းစေကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ရွှေရောင်ဆယ်စုနှစ်သစ်တစ်ခုကို စတင်ရန် အကျိုးဆောင်အင်အားများ ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Yang Wanming က လွန်ခဲ့သည့် ၁၀ နှစ်အတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များသည် နိုင်ငံခြောက်နိုင်ငံမှ ပြည်သူလူထုအား အကျိုးပြုခဲ့‌ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများရှိ ဒေသများ၏ စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းသည် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း၏အုတ်မြစ်ကို ခိုင်မာစေအားကောင်းလာစေရန် တီထွင်ဆန်းသစ်မှုကို အခိုင်အမာလက်ကိုင်ထားကာ ဒစ်ဂျစ်တယ်၊ ဉာဏ်ရည်တုနှင့် အစိမ်းရောင်ကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဆုပ်ကိုင်လျက် လန်ချန်း-မဲခေါင်နိုင်ငံများမှ ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှု၏အရည်အသွေးနှင့် ထိရောက်မှုမြင့်မားစေရန် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော နိုင်ငံအသီးသီးက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် လက်တွေ့ကျပြီး ထိရောက်မှု မြင့်မားစွာ ရှေ့ဆက်တိုးတက်နေကာ ဒေသန္တရအစိုးရများ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုက ဒေသအသီးသီးမှ ပြည်သူလူထုအား လက်တွေ့ကျသော အကျိုးကျေးဇူးများ ရရှိစေကြောင်း တညီတညွတ်တည်း ယူဆခဲ့ကြသည်။ နိုင်ငံအားလုံးမှ ဒေသန္တရအစိုးရများသည် ၎င်းတို့၏ သက်ဆိုင်ရာအားသာချက်များကို အပြည့်အဝ အသုံးချကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွင် နည်းလမ်းများစွာဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ စီးပွားရေးနှင့် ကုန်သွယ်ရေး ဖလှယ်မှုများကို အားကောင်းစေရန်၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ဆိပ်ကမ်းများ၊ မီဒီယာ၊ ချစ်ကြည်ရေးမြို့များနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားရန်၊ လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးအတွက် အကျိုးသစ်များဆောင်ကြဉ်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့က ထုတ်ဖော်ပြောကြားခဲ့သည်။