မြန်မာနိုင်ငံအစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံရပ်တည်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်အရေးနှင့်ပတ်သက်သော မှားယွင်းသည့်ပြောကြားချက်များနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၂၁ ရက်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ထပ်မံအလေးထား ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်၏ သက်ဆိုင်ရာ သဘောထားဖော်ပြချက်များကို မြန်မာနိုင်ငံအစိုးရအနေဖြင့် သတိထားမိကြောင်း၊ ထို့အပေါ် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များကို ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့သည်။
ပထမအချက်အနေဖြင့် မြန်မာနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒအပေါ် မြန်မာနိုင်ငံက ခိုင်မာစွာ ထောက်ခံရပ်တည်လျက်ရှိသည်ကိုလည်း မြန်မာနိုင်ငံယာယီသမ္မတ မင်းအောင်လှိုင်က တရုတ်နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံရချိန်တိုင်းတွင် ထပ်လောင်းအတည်ပြု ခိုင်မာစွာ ပြောကြားခဲ့ကြောင်း၊ ဒုတိယအချက်အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေကောင်း နိုင်ငံများဖြစ်ပြီး မဟာဗျူဟာ မိတ်ဖက်နိုင်ငံများနှင့် အေးအတူ ပူအမျှ အသိုက်အဝန်းကို တည်ဆောက်နေသည့်နိုင်ငံများ ဖြစ်ကြောင်း၊ ယင်းအချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် အထူးအလေးထား တန်ဖိုးထားကြောင်း၊ တတိယအချက်အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်၏ ပထမအချက်ပါအတိုင်း တရုတ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ်မှာ မြန်မာနိုင်ငံက လေးစားပြီး ၎င်းအချက်အပေါ် ကာကွယ်ခြင်းကို မြန်မာနိုင်ငံက အစဉ်အမြဲ ထောက်ခံရပ်တည်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။