
“၂၀၂၅ ခုနှစ် မြစ်ဝါမြစ်-မဲခေါင်မြစ် ဖလှယ်ရေး ရက်သတ္တပတ်နှင့် အာဆီယံ အသေးစား၊ အလတ်စားလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးရေး ဆန်းတုန်းပြည်နယ် ခရီးစဉ်” ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃ ရက်က ဆန်းတုန်းပြည်နယ် တယ်ကျိုးမြို့တွင် ကျင်းပခဲ့သည်။ ဆန်းတုန်းပြည်နယ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ လျင်ဖုန်းဟိုင်၊ ကမ္ဘောဒီးယားနိုင်ငံ ဘန်တေမီချိုင်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ကလော်ကိုနွိုင်၊ တရုတ်-အာဆီယံဗဟိုဌာန၏ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျုံးကျွင့်နှင့် ထိုင်းနိုင်ငံ အထက်လွှတ်တော်အမတ်ဟောင်း တောနိုဆုသီနီပါပန်တို့သည် တက်ရောက်ပြီး မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြစ်ဝါမြစ်-မဲခေါင်မြစ် ဆွေးနွေးရေးအတွင်းရေးမှူးရုံးကို တည်ထောင်ခဲ့ပြီး “မြစ်ဝါမြစ်-မဲခေါင်မြစ် ဆွေးနွေးရေး တယ်ကျိုးအဆိုပြုချက်”ကို ထုတ်ပြန်ခဲ့သည်။ “တယ်ကျိုးမြို့နှင့် ကမ္ဘောဒီးယားဘုရင့်နိုင်ငံ ဘန်တေမီချိုင်းပြည်နယ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ထူထောင်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းဘာသာစကားနှင့် ယဉ်ကျေးမှုဖလှယ်ရေးစင်တာ၏ “ထိုင်းနိုင်ငံရှုထောင့်”ကို ဖွင့်လှစ်ပေးခဲ့သည်။

ယခုအကြိမ်ဖလှယ်ရေး ရက်သတ္တပတ်တွင် တရုတ်(ဆန်းတုန်း)-အာဆီယံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် မြစ်ဝါမြစ်-မဲခေါင်မြစ် ဆွေးနွေးရေး ကုန်သွယ်စီးပွားကဏ္ဍ နှီးနှောဖလှယ်ပွဲ၊ တရုတ်(တယ်ကျိုး)-ဗီယက်နမ် ကုန်သွယ်စီးပွား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ချိတ်ဆက်မှုအစည်းအဝေးနှင့် တရုတ်-ထိုင်းနှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ် လူငယ်များ ဖလှယ်ရေးအစီအစဉ် စသည်တို့ကို ကျင်းပမည်ဖြစ်သည်။