အဆင့်မြှင့်တင်ထားသော တရုတ်-အာဆီယံ 3.0 ဗားရှင်း ပရိုတိုကိုစာချုပ် ချုပ်ဆိုခြင်းသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာသစ်ကို ထူထောင်နိုင်ခဲ့

, November 7, 2025
Size:

အောက်တိုဘာလ ၂၈ ရက်နေ့က ၂၈ ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး အတွင်း တရုတ်နှင့် အာဆီယံအဖွဲ့တို့သည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဆိုင်ရာ 3.0 ဗားရှင်း အဆင့်မြှင့်တင်ရေး ပရိုတိုကိုစာချုပ်ကို ချုပ်ဆို ခဲ့ကြပါသည်။ နိုင်ငံတကာ မီဒီယာများက ယင်းသည် တရုတ်နှင့် အာဆီယံတို့၏ နိုင်ငံစုံဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးအပေါ် ကတိပြုချက်ကို ပြသ နေပြီး ဒေသတွင်း စီးပွားရေး နက်ရှိုင်းစွာ ပေါင်းရုံး ဖွံ့ဖြိုးခြင်းအတွက် မှတ်တိုင်အသစ်ကို ထူထောင် ပေးနေကာ နိုင်ငံ တကာ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားသစ်ကို ထည့်သွင်း ပေးမည် ဖြစ်ကြောင်း သုံးသပ်ဖော်ပြခဲ့ကြပါသည်။

   ၂၀၁၀ ပြည့်နှစ်က အတည်ပြုခဲ့သော 1.0 ဗားရှင်း စာချုပ်သည် လွတ်လပ်စွာ ကုန်စည် ကူးသန်း ရောင်းဝယ်ရေးကို ဗဟိုအဖြစ် ထားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်က စတင် အသက်ဝင် ကျင့်သုံး ဖော်ဆောင်ခဲ့သော 2.0 ဗားရှင်း စာချုပ်သည် ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု အဆင်ပြေစေရေးကို အလေးထားခဲ့ခြင်း ဖြစ်သည်။ အထက်ပါ ဗားရှင်း နှစ်ခုနှင့် နှိုင်းယှဉ်ပါက အဆင့်မြင့်တင်ထားသော 3.0 ဗားရှင်းသည် နိုင်ငံတကာ စီးပွားကုန်သွယ်ရေး ဖွံ့ဖြိုး တိုးတက်မှု၏ အလားအလာသစ်နှင့် လိုက်လျောညီထွေ ဖြစ်ပြီး ထွန်းသစ်စ လုပ်ငန်း နယ်ပယ်များကို နက်ရှိုင်းစွာ ချဲ့ထွင်ကာ တံခါးဖွင့်လှစ်ရေး အရည်အချင်းကို ဘက်စုံ မြှင့်တင် ထား၍ သက်ညှာထောက်ထားစွာ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားနေပါသည်။ ယင်းစာချုပ်တွင် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်၏ လက်ရှိ နယ်ပယ်များ ပါဝင်ထားသလို ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှု ကွင်းဆက်များ အပြန်အလှန် ချိတ်ဆက်ရေး စသည့် ထွန်းသစ်စ နယ်ပယ်များလည်း ပါဝင်ထားပါသည်။ တံခါးဖွင့်ရေးနယ်ပယ်မှာ 3.0 ဗားရှင်းသည် စည်းမျဉ်းစည်းကမ်းနှင့် ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များကို အာရုံစိုက် အလေးထားပြီး တရုတ်နှင့် အာဆီယံတို့၏ ကိုယ်တိုင် လွတ်လပ်စွာ ကုန်သွယ်ရေး လက်တွေ့ ဆောင်ရွက်ချက်များ ဆိုင်ရာ အရည်အချင်း အမြင့်ဆုံးသော ကတိခံဝန်ချက်များကို ပြုလုပ် ထားခြင်းဖြင့် နှစ်ဖက်မှ လုပ်ငန်းကုမ္ပဏီများနှင့် ပြည်သူများကို ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှ အကျိုး ခံစားရစေမည် ဖြစ်ပါသည်။ ယင်းသည် တရုတ်-အာဆီယံအကြား ဆွေးနွေးရေး ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးမှ အရေးကြီးသည့် သဘောတူညီမှုများကို နှစ်ဖက်တို့ လက်တွေ့ဖော်ဆောင်ရေးဆိုင်ရာ အမှတ် အသား အောင်မြင်မှုရလဒ်ပင် ဖြစ်ပါသည်။

  မကြာမီက ကျင်းပပြီးစီးခဲ့သော တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ စတုတ္တ အကြိမ် စုံညီအစည်းအဝေးတွင် အရည်အချင်း မြင့်မားသော တံခါးဖွင့်လှစ်ခြင်းကို တိုးချဲ့ရေးနှင့် ပတ်သက်ပြီး သီးသန့် စီမံချက်များကို ချမှတ်ခဲ့ပါသည်။ ယခုအကြိမ် အဆင့်မြှင့် တင်ထားသော တရုတ်-အာဆီယံ 3.0 ဗားရှင်း ပရိုတိုကိုစာချုပ် ချုပ်ဆိုခြင်းသည်  စုံညီ အစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ အရေးကြီးသည့် ဆောင်ရွက်ချက် တစ်ရပ်ပင် ဖြစ်ပါသည်။ ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်းသည် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက် ပိုမိုများပြားသော အင်အားများကို ဆောင်ကြဉ်းပေးမှာ သေချာကြောင်း China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။