
ဒေသစံတော်ချိန် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက အေပက်အဖွဲ့ ၃၂ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး၏ ပထမ အဆင့် အစည်း အဝေးကို တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အစည်းအဝေး တက်ရောက်ပြီး အားလုံးပါဝင် အကျိုးခံစားရသော တံခါးဖွင့် အာရှ ပစိဖိတ် စီးပွားရေးကို လက်တွဲ တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် အရေးကြီးသည့် မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က အေပက်အဖွဲ့ တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်အတွင်း အာရှ ပစိဖိတ် ဒေသကို နိုင်ငံတကာ တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့တန်း၌ လျှောက်လှမ်းနိုင်အောင် ဦးဆောင်ခဲ့ပြီး အာရှ ပစိဖိတ်ဒေသကို ကမ္ဘာ့စီးပွားရေး၏ ရှင်သန်မှု အရှိဆုံးသောဒေသ ဖြစ် လာအောင် အထောက်အကူ ပြုနိုင်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံတကာ ရာစုနှစ် ပြောင်း လဲမှုများ အရှိန်မြင့် ဖြစ်ပွားနေပြီး အာရှ ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်ဆိုင် နေရသော မတည်ငြိမ် မရေရာမှုများ တိုးများ လာ၍ မိမိတို့သည် ရေလှိုင်း ပြင်း လေလေ တစ်လှေတည်းစီး တစ်ခရီးတည်းသွားခြင်းကို စွဲကိုင်ရလေလေ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် စီးပွားရေး တိုးတက်မှုနှင့် ပြည်သူများ၏ ချမ်းသာ သုခများကို မြှင့်တင်ရန် အေပက်အဖွဲ့၏ မူရင်းစိတ်ကို ဘက်အသီးသီးတို့ စွဲကိုင်ရမည် ဖြစ်ပြီး တံခါးဖွင့် ဖွံ့ဖြိုးတိုးတက်မှုတွင် အခွင့်အလမ်းများကို မျှဝေခြင်းနှင့် အတူတကွ အကျိုး ဖြစ်ထွန်းခြင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ အားလုံး အကျိုးခံစားရပြီး သက်ညှာ ထောက်ထားသော နိုင်ငံတကာ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို တွန်းအားပေးပြီး အာရှ ပစိဖိတ် အသိုက်အဝန်းကို တည်ဆောက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်သည် အဆိုပြုချက် ၅ ရပ်ကို ဖော်ပြခဲ့ပါသည်။ ယင်းတို့သည် နိုင်ငံစုံ ကုန်သွယ်ရေး စနစ်ကို လက်တွဲ ထိန်းသိမ်းကာကွယ်ခြင်း၊ တံခါးဖွင့်လှစ်ထားသော ဒေသတွင်း စီးပွားရေး ပတ်ဝန်းကျင်ကို လက်တွဲ ဖန်တီးပေးခြင်း၊ ကုန်ထုတ်လုပ်မှု ကွင်း ဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်များ တည်ငြိမ် ချောမောမှုကို လက်တွဲ ထိန်းသိမ်း ကာကွယ် ခြင်း၊ ကုန်သွယ်မှု ဒစ်ဂျစ်တယ်ဖြစ်ရေးနှင့် အစိမ်းရောင် ဖြစ်ရေးကို လက်တွဲ တွန်းအား ပေးခြင်းနှင့် အားလုံး ပါဝင် အကျိုးခံစားရသော ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲ တွန်းအား ပေးခြင်းတို့ ဖြစ်ပါသည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် တံခါးဖွင့်လှစ်ထားသည့် နိုင်ငံတော် အခြေခံ မူဝါဒကို စဉ်ဆက် မပြတ် စွဲကိုင်ပြီး တံခါးဖွင့်လှစ်ထားသော ကမ္ဘာ့စီးပွားရေး တည်ဆောက်မှုကို လက်တွေ့ ကျကျ တွန်းအားပေးနေခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ စတုတ္တ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ၁၅ ကြိမ်မြောက် ငါးနှစ် စီမံကိန်း ချမှတ်ရေးဆိုင်ရာ အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး တရုတ်နိုင်ငံသည် ယင်းကို အခွင့်အလမ်းကောင်းအဖြစ် ရှုမြင်ကာ ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဇောက်ချ ပြုလုပ်မည် ဖြစ်၍ အရည်အချင်းမြင့် တံခါးဖွင့်ရေးကို ဦးလည်မသုန် တိုးချဲ့မည် ဖြစ်ပြီး တရုတ် အသွင်ပုံစံ ခေတ်မီရေး၏ အောင်မြင်မှုသစ်များဖြင့် အာရှပစိဖိတ်ဒေသနှင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းသစ်များကို ဖန်တီးပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။