
လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုစင်တာနှင့် ဟယ်ဟိုင်တက္ကသိုလ်တို့သည် ယခုရက်များပိုင်းက နန်ကျင်းမြို့၊ ဝူဟန်မြို့ စသည့်နေရာများတွင် "လန်ချန်း-မဲခေါင် ချိန်းဆိုမှု" ရေအရင်းအမြစ်ကဏ္ဍ လူငယ်ဖလှယ်ရေးနှင့် အပြန်အလှန် သင်ယူရေးလှုပ်ရှားမှုများကို ပူးတွဲကျင်းပခဲ့ပြီး "လန်ချန်း-မဲခေါင် ချိန်းဆိုမှု" ရေအရင်းအမြစ်ကဏ္ဍ လူငယ်လှုပ်ရှားမှုဦးဆောင်ချက်ကို အတည်ပြုခဲ့သည်။

လန်ချန်း-မဲခေါင်ဒေသခြောက်နိုင်ငံမှ လူငယ်ကိုယ်စားလှယ်များက လူငယ်များသည် သင်ယူခြင်း၊ ဦးဆောင်ခြင်း၊ တရားမျှတမှုနှင့် ဆန်းသစ်တီထွင်မှု မြှင့်တင်ခြင်း အဓိကတာဝန်လေးခုကို ထမ်းဆောင်သင့်ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ဖြန့်ဝေသူများနှင့် ချစ်ကြည်ရင်းနှီးမှု ပေါင်းကူးတံတားများ တည်ဆောက်သူများ ဖြစ်ရန် ကြိုးပမ်းသင့်ကြောင်း၊ မြစ်ဝှမ်းဒေသရှိ ရေလုံခြုံရေးအတွက် ၎င်းတို့၏လူငယ်အင်အားကို ပံ့ပိုးပေးသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းလှုပ်ရှားမှု ကျင်းပသည့်ကာလအတွင်း နိုင်ငံခြောက်နိုင်ငံမှ လူငယ်ကိုယ်စားလှယ်များသည် ယန်ဇီမြစ် သိပ္ပံသုတေသနအင်စတီကျူနှင့် ယန်ဇီမြစ် ကော်မရှင် ဇလဗေဒဗျူရို၏ ဟန့်ခို ရေအရင်းအမြစ်စခန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် ဘေးအန္တရာယ် လျှော့ချရေး၊ မြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှု စသည်တို့တွင် တရုတ်နိုင်ငံ၏ ခေတ်မီသောသိပ္ပံသုတေသန အောင်မြင်မှုများကို လေ့လာခဲ့ရာ လန်ချန်း-မဲခေါင်ဒေသ လူငယ်များ၏ တရုတ်နိုင်ငံ၏ ရေစီမံခန့်ခွဲမှု သဘောတရားများ၊ နည်းပညာများနှင့် လက်တွေ့ဆောင်ရွက်မှုများကို သိရှိနားလည်မှုကို မြှင့်တင်ပေးခဲ့သည်။