
တရုတ်နိုင်ငံအရှေ့ဘက် ကျဲ့ကျန်းပြည်နယ်မှာ ရှကျန်းလို့ ခေါ်တဲ့ ကျေးရွာတစ်ရွာ ရှိပါတယ်။ ယခင်က တောင်ကတုံးများနဲ့ ရေဆိုးရေညစ်များ စီးဆင်းနေပြီး လူတကာသိကြတဲ့ ဆင်းရဲကျပ်တည်းသော ကျေးရွာဖြစ်ပါတယ်။ အဆိုပါဒေသမှာ “ရွှံ့ကာနံရံ အိမ်ကြမ်းကြမ်း၊ သစ်သား ထင်းလုပ် မီးရှို့ကြံ၊ ခြောက်လစံ ရိက္ခာနှံ (ရိတ်သိမ်းရရှိတဲ့ ကောက်ပဲသီးနှံက နှစ်ဝက်သာ စားလို့လောက်ငှကြောင်း) ၊ ရှကျန်းသားဆို ရှောင်ကြဥ်ရန်” ဆိုပြီး ဆိုရိုးစကား တစ်ခု တွင်ကျန်ရစ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ် ကနေ ၂၀၀၇ ခုနှစ် အထိ ကျဲ့ကျန်းပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့တဲ့ ရှီကျင့်ဖိန်ဟာ ရှကျန်းကျေးရွာကို ၄ ကြိမ် တိုင်တိုင် သွားရောက် လေ့လာခဲ့ပြီး ရှကျန်းကျေးရွာမှာ ဇီဝဓာတ်ငွေ့ကန်၊ တရုတ် ဆေးဖက်ဝင်အပင် စိုက်ပျိုးရေးစခန်း၊ စပျစ်ခြံ၊ စိုက်ပျိုးရေးအခြေခံ ခရီးသွားလာရေး အစရှိတဲ့လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် တွန်းတွန်း တိုက်တိုက် ဆောင်ရွက် ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်တာ အတွင်းမှာ ရှကျန်းကျေးရွာဟာ အနီးအနားက ကျေးရွာများနဲ့ လက်တွဲပူးပေါင်းကာ “မဟာရှကျန်း” သမဂ္ဂအဖွဲ့အစည်းကို ထူထောင်ခဲ့ပြီး “အရင်ချမ်းသာသူမှ နောက်လူများ ချမ်းသာအောင် ကူညီပံ့ပိုး၍ ဒေသတွင်း အတူတကွ ကြီးပွား ချမ်းသာရေးကို ဖော်ဆောင်သော” ကျေးလက်ဒေသ ပြန်လည်တိုးတက်ဖွံ့ဖြိုးရေးလမ်းစဥ်ကို အတူတကွ လျှောက်လှမ်းခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ “မဟာရှကျန်း” သမဂ္ဂအဖွဲ့အစည်းရဲ့ စုစုပေါင်းစီးပွားရေးဝင်ငွေဟာ ယွမ် ၃၄ ဒသမ ၆ သန်းနီးပါးရှိခဲ့ပြီး ရွာသားများဟာ နှစ်စဥ် လူတစ်ဦးကို ပျမ်းမျှအားဖြင့် ယွမ် ၅၅,၀၀၀ ဝင်ငွေရှိလာပါတယ်။ ယခုအခါမှာတော့ “တောင်သူများလည်း ရွှင်ပျလို့ ဧည့်ရိပ်သာလည်း လူရွှင်ပြီ၊ သစ်သီးဝလံ မွှေးကြိုင်လို့ ရှကျန်းရွာကို ခရီးသွားများ အမြဲမပြတ် လာနေပြီ” လို့ ဆိုရိုးစကား ပြောင်းသွားခဲ့ပါပြီ။ ရှကျန်းကျေးရွာရဲ့ နှစ်ပေါင်း ၂၀ ကျော် ပြောင်းလဲမှုဟာ ရှီကျင့်ဖိန်ရဲ့ “ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ကြီးပွား ချမ်းသာရေး” အယူအဆဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ခဲ့သော ပုံရိပ်ငယ်ပဲ ဖြစ်ပါတယ်။
ယဥ်ကျေးမှုအခြေခံ - “ဆင်းရဲချမ်းသာမျှတခြင်း” မှ “အတူတကွ ကြီးပွားချမ်းသာခြင်း” အထိ နှစ်ပေါင်းထောင်ချီသော ပညာအမွေ
အတူတကွ ကြီးပွားချမ်းသာရေးဟာ လွယ်လင့်တကူ ပြောရရင် လူတိုင်းကို ပိုမို ကောင်းမွန်တဲ့ဘဝမှာ နေထိုင်စေဖို့ပဲဖြစ်ပါတယ်။ ဒါဟာ အလွယ်တကူ ညီမျှခြင်း ခွဲဝေမှု မဟုတ်ဘဲ လူတိုင်း ပါဝင်ဆောင်ရွက်နိုင်ပြီး လူတိုင်းအကျိုးခံစားနိုင်စေမဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်တစ်ရပ်ပဲ ဖြစ်ပါတယ်။ အတူတကွကြီးပွားချမ်းသာရေးဟာ အခြေအမြစ်မရှိဘဲ ပေါ်ပေါက်လာတဲ့ စိတ်ကူးအတွေးအခေါ်မဟုတ်ပါဘူး။ တရုတ်ယဥ်ကျေးမှုရဲ့ နှစ်ပေါင်း ၅,၀၀၀ စီမံအုပ်ချုပ်ရေး အသိဉာဏ်ပညာကို မျက်မှောက်ခေတ်မှာ ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ရဲ့ “နည်းပါးခြင်းကို မစိုးရိမ်နှင့်၊ ခွဲဝေမှု မမျှတခြင်းကိုသာ စိုးရိမ်ပါ” ဆိုတဲ့ လူ့ကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်ကနေ “မြေယာမျှဝေ စိုက်ပျိုး၊ အစားအစာ မျှဝေသုံးဆောင်” ဆိုတဲ့ စည်းလုံးညီညွတ်ရေး မျှော်လင့်ချက်များအထိ အတူတကွကြီးပွားချမ်းသာရေးမှာ သာယာအေးချမ်းသော ဘဝအပေါ် တရုတ်လူမျိုးတို့ရဲ့ နှစ်ပေါင်းထောင်ချီ ရှာဖွေလိုက်စားမှုတွေ ပါဝင်နေပါတယ်။ တရုတ်ကွန်မြူနစ် ပါတီဝင်များက ဒီရည်မှန်းချက်ကို တစ်ဆင့်ပြီးတစ်ဆင့် လက်တွေ့ အကောင်အထည်ဖော် နေတာပဲဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပထမဆုံးခေါင်းဆောင်ကြီးဖြစ်တဲ့ မော်စီတုန်းက “အတူတကွကြီးပွားချမ်းသာရေး” အယူအဆကို ပထမဆုံးအဆိုပြုခဲ့ပြီး တိန့်ရှောင်ဖိန်က “တစ်စိတ်တစ်ပိုင်းကို ဦးစွာချမ်းသာစေရေး” အရင်ချမ်းသာသူမှ နောက်လူတို့ကို ချမ်းသာစေရန် ကူညီပံ့ပိုးရေး” ဆိုသော ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကျင့်သုံးလာတဲ့အထိ တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံအုပ်ချုပ်ရေးထဲမှာ ထိရောက်မှုနဲ့ တရားမျှတရေးကို ဟန်ချက်ညီစေရန် အဆက်မပြတ်ကြိုးပမ်းခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အကြီးအကဲအဖြစ် ရှီကျင့်ဖိန် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၈ နှစ်တာကာလအတွင်း လူဦးရေး သန်း ၁၀၀ နီးပါးကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ အကြွင်းမဲ့ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကို ဘက်စုံ ဆောင်ရွက်ခဲ့ပါတယ်။ အခုလို သမိုင်းဝင်အောင်မြင်မှုဟာ ရိုးရာယဥ်ကျေးမှုအခြေခံကို မျက်မှောက်ခေတ်မှာ ထင်ရှားပေါ်လွင်လာစေခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဒီအချက်ဟာ အနောက်တိုင်းနိုင်ငံများရဲ့ ချမ်းသာသူများ ချမ်းသာသထက် ချမ်းသာပြီး ဆင်းရဲသူများ ဆင်းရဲသထက် ဆင်းရဲလာကာ အဆုံးမှာ သဘောထားကွဲလွဲမှုကို ဦးတည်သွားနေတဲ့ “ မသ်သူး အကျိုးသက်ရောက်မှု” (matthew effect) ကို ထိုးဖောက်နိုင်ခဲ့သလို ဓနရှင်နဲ့ လုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားကို ဦးစားပေးရေးကိုလည်း စွန့်ပယ်နိုင်စေခဲ့ပါတယ်။ သူတို့ရဲ့ ဥစ္စာဓနနဲ့ ရင်းနှီးမြှုပ်နှံမှုတို့ကို လူ့အဖွဲ့အစည်းရဲ့အောက်ခြေသို့ “ရေစက်” ပမာ စီးကျစိမ့်ဝင်လာစေမဲ့ “Trickle-down economics” အကျိုးသက်ရောက်မှုကို စောင့်ဆိုင်းနေမဲ့အစား တိကျသေချာစွာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ဒေသအသီးသီး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ဘက်စုံပြန်လည်တိုးတက်ဖွံ့ဖြိုးရေး အစရှိတဲ့ နိုင်ငံတော် မဟာဗျူဟာများဖြင့် လူသားမျိုးနွယ် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး သမိုင်းကြောင်းရဲ့ အံ့ဖွယ်ဖြစ်ရပ်ကို ဖန်တီးမှာဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးထဲက ဆင်းရဲချမ်းသာကွာဟမှုအခက်အခဲကို ဖြေရှင်းနိုင်ရန် နည်းလမ်းပုံစံသစ်တစ်ခုကို ပံ့ပိုးလာခဲ့ပါတယ်။ “အတူတကွကြီးပွားချမ်းသာရေးဟာ လူနည်းစု ကြီးပွားချမ်းသာခြင်း မဟုတ်သလို တစ်ပြေးညီ တန်းတူညီမျှရှိရေး အယူဝါဒမျိုးလည်း မဟုတ်ဘဲ ပြည်သူလူထု တစ်ရပ်လုံး ကြီးပွားချမ်းသာရေးသာ ဖြစ်တယ်” လို့ ရှီကျင့်ဖိန်က အလေးအနက် ပြောကြားခဲ့တဲ့စကားအတိုင်းပါပဲ။
စနစ်သစ် တီထွင်ဆန်းသစ်မှု - တတိယအဆင့် ခွဲဝေမှုဖြင့် “သံလွင်သီးပုံသဏ္ဌာန်” လူ့အဖွဲ့အစည်း တည်ဆောက်ခြင်း
အနောက်တိုင်းနိုင်ငံတွေဟာ ခေတ်မီတိုးတက်ရေးလုပ်ငန်းစဥ်အတွင်းမှာ ထူးဆန်းတဲ့ “ကြီးထွားမှု-ကွာဟမှု” စက်ဝန်းထဲမှာ သံသရာလည်နေပါတယ်။ ဒါဟာ ရှီကျင့်ဖိန် အကြိမ်ကြိမ် ကိုးကားဖော်ပြခဲ့တဲ့ “ချမ်းသာသူတို့သည် ဥစ္စာဓန ကြီးထွားလာနေပြီး ဆင်းရဲ သူတို့သည် ဖွဲဆန်ကွဲကိုသာ စားကြရ၏” ဆိုသော တရုတ်စကားပုံအတိုင်း လူ့အဖွဲ့အစည်း ထဲက ဆင်းရဲချမ်းသာကွာဟမှု ရုပ်လက္ခဏာတို့ ဖြစ်ပေါ်နေပါတယ်။ ဒီဖြစ်စဥ်လက္ခဏာဟာ အနောက်တိုင်းလူ့အဖွဲ့အစည်းထဲမှာ ကာလကြာရှည်စွာ တည်ရှိနေခဲ့ပြီး ၎င်းရဲ့အရင်းခံ ဇစ်မြစ်ဟာ အရင်းရှင်စနစ်ရဲ့ အတွင်းပိုင်းပဋိပက္ခများနဲ့ ဆက်စပ်နေပါတယ်။ ၁၉ ရာစု အမေရိကန်စီးပွားရေးပညာရှင် ဟင်နရီ ဂျော့ချ် (Henry George) က ပစ္စည်းဥစ္စာ ပေါကြွယ်ဝမှုနဲ့ အလွန်အမင်းဆင်းရဲမွဲတေမှုတို့ အတူယှဥ်တွဲတည်ရှိနေခြင်းက အရင်းရှင်ဝါဒရဲ့ ပုံမှန်ထူးခြားချက်ပဲဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ မျက်မှောက် ကာလမှာ ကမ္ဘာ့လူဦးရေရဲ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းဟာ တစ်ကမ္ဘာလုံးရဲ့ ဥစ္စာဓန ထက်ဝက်ကျော်ကို ပိုင်ဆိုင်ထားခြင်းက အခိုင်မာဆုံး သာဓကပဲဖြစ်ပါတယ်။ ရှီကျင့်ဖိန်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်နေစဥ်ကာလအတွင်း ဆိုရှယ်လစ်ဝါဒ တရုတ်နိုင်ငံအနေဖြင့် ဆင်းရဲချမ်းသာ အလွန်ကွာဟမှုကို မဖြစ်မနေ ရှောင်ရှားသင့်ပြီး ဖွံ့ဖြိုးတိုးတက်ရေး အသီးအပွင့်တို့ကို အများပြည်သူ မျှဝေခံစားနိုင်စေရေးကို လိုက်နာကျင့်သုံးကာ ပြည်သူလူထုတစ်ရပ်လုံး အတူတကွကြီးပွားချမ်းသာရေးကို ဖော်ဆောင်သွားရမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်ကို မျှဝေခံစားခြင်းဟာ လူမှုရေး တရားမျှတမှုအခက်အခဲကို ဖြေရှင်းနိုင်တဲ့အဓိကသော့ချက်ဖြစ်ပြီး စည်းစနစ် သတ်မှတ်ချက်ဖြင့် သဘောထားကွဲလွဲမှုများ ရှောင်ရှားကာ စီးပွားရေးအသီးအပွင့်များကို ပြည်သူလူထု တစ်ရပ်လုံး မျှဝေခံစားနိုင်အောင် လုပ်ဆောင်သွားရန် လိုအပ်တယ်လို့ ရှီးကျင့်ဖိန်က ယူဆထားပါတယ်။
တရုတ်နိုင်ငံဟာ “အဆင့်သုံးဆင့် ခွဲဝေမှု” စနစ်သစ် တီထွင်ဆန်းသစ်မှုမှတစ်ဆင့် အလယ်အလတ် ဝင်ငွေရှိလူတန်းစာအုပ်စုကို အဓိကထားသော လူမှုအဖွဲ့အစည်းဖြင့် ဆင်းရဲ ချမ်းသာကွာဟမှု ကျိန်စာကို တိုက်ဖျက်သွားဖို့ ရည်ရွယ်ထားတဲ့ “သံလွင်သီးပုံသဏ္ဌာန်” လူ့အဖွဲ့အစည်းကို တည်ဆောက်သွားမှာဖြစ်ပါတယ်။ ကနဦးအဆင့် ခွဲဝေမှုမှာ ဈေးကွက်စီးပွားရေးကို အခြေခံပြီး အလုပ်ထိရောက်မှုကို အလေးပေးကာ အလုပ်သမား လုပ်ခလစာအချိုးအစားနဲ့ အလယ်အလတ်ဝင်ငွေရှိ လူတန်းစာအုပ်စုကို တိုးမြှင့်ပေးခြင်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံရဲ့ဝန်ထမ်းလစာဟာ GPD ရဲ့ ၅၁ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံများရဲ့ ပျမ်းမျှနှုန်းထားထက် ကျော်လွန်နေပါတယ်။ ဒုတိယအဆင့် ခွဲဝေမှုဟာ အစိုးရအာဏာအပေါ်မှာ မှီခိုထားရပါတယ်။ အခွန်ကောက်ခံမှု၊ လူမှုဖူလုံရေးကြေး အစရှိတဲ့ နည်းလမ်းများဖြင့် ဝင်ငွေမြင့်မားမှုကို ထိန်းညှိကာ ဝင်ငွေနည်း လူတန်းစား အုပ်စုရဲ့အကျိုးခံစားခွင့်ကို အာမခံချက်ပေးပြီး လူ့အဖွဲ့အစည်း တရားမျှတမှုကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ၈ နှစ်တာကာလမှာ အစိုးရဟာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် ရရှိရန် ပံ့ပိုးကူညီရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ နေထိုင်ရေး အစရှိတဲ့ လူနေမှုဘဝ အာမခံချက်များ ယွမ် ၁ ဒသမ ၆ ထရီလီယံကျော် (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၂၀ ဘီလီယံခန့်) အသုံးပြုခဲ့ပြီး ကမ္ဘာ့အကြီးဆုံး လူမှုဖူလုံရေးကွန်ရက်တည်ဆောက်ကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပန်းတိုင်ကို တိကျသေချာစွာ အကောင်အထည်ဖော်ခဲ့တဲ့အပြင် ဆင်းရဲနွမ်းပါးမှု ပြန်လည်မဖြစ်ပေါ်ရေးကိုလည်း ကာကွယ်ဟန့်တားခဲ့ပါတယ်။ တတိယအဆင့် ခွဲဝေမှုကတော့ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှု၊ အများအကျိုးပြု စွန့်ဦးတီထွင်မှု ရင်းနှီးမြှုပ်နှံရေး၊ နည်းပညာမျှဝေခံစားရေး၊ ရပ်ရွာအပြန်အလှန်ကူညီရေးနဲ့ ပရဟိတလုပ်ငန်း အစရှိတဲ့ လူ့အဖွဲ့အစည်းအင်အားများမှ မိမိဆန္ဒအလျောက် ပါဝင်ဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ဈေးကွက်နဲ့အစိုးရလုပ်ငန်းခွဲဝေမှု မလုံလောက်ခြင်းကို ဖြည့်ဆည်းပေးပြီး လူ့အဖွဲ့အစည်းတန်းတူညီမျှရှိရေးကို မြှင့် တင်ပေးခြင်းဖြစ်ပါတယ်။
စာပိုဒ်အစမှာ ဖော်ပြသွားခဲ့တဲ့ ရှကျန်းကျေးရွာလိုမျိုး အတူတကွကြီးပွားချမ်းသာရေး သရုပ်ပြဇုန် ဖန်တီးတည်ဆောက်ပြီး နေရာဒေသအနှံ့အပြားကို ဒေသအလိုက် လိုက်လျော ညီထွေစွာဖြင့် ထိရောက်မှုရှိသော လမ်းစဥ်ကို ရှာဖွေကြရန် အားပေးလျက် ရှိနေပါတယ်။ “ရွာတစ်ရွာ ကြီးပွားချမ်းသာခြင်း” မှ “အတူတကွကြီးပွားချမ်းသာရေး သမဂ္ဂအဖွဲ့အစည်း” ဖြစ်ပေါ်လာအောင် တိုးချဲ့ဆောင်ရွက်ပြီး တောင်သူလယ်သမားများကို ဝင်ငွေတိုးပွားစေရန် ဦးဆောင်ခဲ့ပါတယ်။ အခုလိုမျိုး “အစိုးရဦးဆောင်မှု+ ဈေးကွက်ညှိနှိုင်းမှု+လူ့ အဖွဲ့အစည်းပါဝင်ဆောင်ရွက်မှု” စနစ်ဟာ အနောက်တိုင်းရဲ့ “အရင်းရှင် ဦးဆောင်မှု+ လူမှုဖူလုံရေးထောက်ပံ့ကြေး” စနစ်နဲ့ သိသာထင်ရှားတဲ့ နှိုင်းယှဥ်ချက်ရှိနေပါတယ်။ “အလယ်အလတ် ဝင်ငွေရှိလူတန်းစားအုပ်စု ကြီးမားပြီး ဝင်ငွေများ လူတန်းစားနဲ့ ဝင်ငွေနည်းလူတန်းစာအုပ်စုတို့ နည်းပါးသော” သံလွင်သီးပုံသဏ္ဌာန် လူ့အဖွဲ့အစည်းပုံစံ ဖြစ်ပေါ်လာအောင် တွန်းအားပေးခြင်းဟာ ဆင်းရဲချမ်းသာကွာဟချက်ကို ထိရောက်စွာ လျော့နည်းစေပြီး လူမှုရေးတည်ငြိမ်မှုနဲ့ လက်ခံနိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။
လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ကျော်တုန်းက တရုတ်နိုင်ငံရဲ့ရှေးခေတ်နိုင်ငံရေးသမား ကွမ်ကျုံ့ (Guan Zhong) က “စပါးကျီပြည့်မှ လူ့ယဥ်ကျေးမှု မြင်သိလိမ့်မယ်၊ စားဝတ်နေရေး ပြည့်စုံမှ ဂုဏ်သိက္ခာနှင့်အရှက်တရား မြင်သိလိမ့်မယ်” လို့ ဆိုခဲ့ဖူးပါတယ်။ ဆိုလိုရင်းကတော့ စားနပ်ရိက္ခာသိုလှောင်မှု၊ စားဝတ်နေရေး အစရှိတဲ့ ရုပ်ဝတ္ထုဆိုင်ရာ လူနေမှုဘဝရဲ့အခြေခံ အာမခံချက်ပြည့်စုံနေချိန်မှသာ လူတွေဟာ ယဥ်ကျေးမှုစည်းကမ်းနဲ့ ကိုယ်ကျင့်တရားစောင့်ထိန်းမှုကို အလေးထားလာကြမယ်ဆိုတဲ့သဘောပါ။ ရှေးလူတွေရဲ့ အသိဉာဏ် ပညာအတိုင်း လိုက်နာကျင့်သုံးမှုကြောင့် ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ကြီးပွား ချမ်းသာရေးဟာ သာမန်ရုပ်ဝတ္ထုဖြည့်ဆည်းမှုသက်သက်တင်မဟုတ်ဘဲ “ပြည်သူ လူထုရဲ့ လူနေမှုဘဝများမှာ ရုပ်ဝတ္ထုနဲ့စိတ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှု” ရှိသင့်တာ ဖြစ်တယ်လို့ ရှီကျင့်ဖိန်က ယူဆပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ စီးပွားရေး အဆင့်အတန်း မြှင့်တင်နေတဲ့တစ်ချိန်တည်းမှာပဲ အများပြည်သူဆိုင်ရာ ယဥ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးကို အင်တိုက်အားတိုက်ဆောင်ရွက်ပြီး အများပြည်သူဆိုင်ရာ ယဥ်ကျေးမှု ဝန်ဆောင်မှုစနစ်တို့ကို ပြည့်စုံကောင်းမွန်လာစေကာ ပြည်သူလူထုရဲ့ မတူ ကွဲပြားသော၊ အလွှာအဆင့်ဆင့်ရှိသော၊ ကဏ္ဍပေါင်းစုံသော စိတ်ပိုင်းဆိုင်ရာ ယဥ်ကျေးမှုလိုအပ်ချက်ကိုပါ အဆက်မပြတ် ဖြည့်ဆည်းပေးရမှာပဲ ဖြစ်ပါတယ်။
ကမ္ဘာ့အရေးပါမှု - ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် တရုတ်နိုင်ငံ၏စံနမူနာ ပြသခြင်း
လက်ရှိကာလမှာ ငတ်မွတ်ခေါင်းပါးမှုကို ခံစားနေရသူဟာ ကမ္ဘာတစ်ဝန်းမှာ လူဦးရေ သန်း ၇၀၀ ရှိပြီး ရာသီဥတုဘေးအန္တရာယ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြတဲ့လူဦးရေဟာ သန်း ၃၀၀ ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ကြီးပွားချမ်းသာရေးဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတစ်ခုသက်သက်တင်မဟုတ်တော့ဘဲ လူသားတစ်ရပ်လုံး ရင်ဆိုင်နေရတဲ့အခက်အခဲပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံက အတူတကွ ကြီးပွားချမ်းသာရေး လက်တွေ့ကျင့်သုံးမှုကို ဆောင်ရွက်လျက်ရှိနေပြီး နှစ်ပေါင်း ၂၀၀ ကြာမြင့်ခဲ့တဲ့ အနောက်တိုင်းရဲ့ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို နှစ် ၄၀ ဖြင့် ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ဒါဟာ တရုတ်ယဥ်ကျေးမှု ရိုးရာအစဥ်အလာ ရည်မှန်းချက်ရဲ့ မျက်မှောက်ခေတ် အဓိပ္ပာယ်ဖွင့်ဆိုချက်လည်းဖြစ်သလို ကမ္ဘာလုံးဆိုင်ရာ ခေတ်မီတိုးတက်ရေး လမ်းစဥ်ရဲ့တိုးချဲ့ဆောင်ရွက်မှုလည်းဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးအယူအဆ ပြန်လည်တည်ဆောက်ရေး၊ လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် တစ်မူထူးခြားတဲ့ အရှေ့တိုင်းဉာဏ်ပညာကို မျှဝေ ခဲ့သလို အောင်မြင်မှုစံနမူနာကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ကုလသမဂ္ဂဟာ “အတူတကွ ကြီးပွား ချမ်းသာရေး” အယူအဆကို ၂၀၃၀ ခုနှစ် ဆွေးနွေးရေးအစီအစဥ်ထဲမှာ ထည့်သွင်း ခဲ့ပါတယ်။ “Belt and Road” စီမံကိန်းလမ်းကြောင်းတစ်လျှောက် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းဖြင့် လူဦးရေ သန်း ၄၀ ကို အကျိုးပြုနေလာပါပြီ။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ဖြင့် နိုင်ငံတကာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပူးပေါင်း ဆောင်ရွက်မှု ယန္တရားသစ်တည်ဆောက်ရန် မြှင့်တင်ပေးနေပါတယ်။ အရင်းရှင် အတွေး အခေါ် လွှမ်းမိုးထားတဲ့ ခေတ်သစ်အကျပ်အတည်းများထဲမှာ အရှေ့တိုင်းရဲ့ ဖြေရှင်းနည်း ဖြစ်သော “အတူတကွ ကြီးပွားချမ်းသာရေး” ဟာ သမိုင်းတစ်လျှောက်တည်ရှိခဲ့တဲ့ ဆင်းရဲချမ်းသာ ကွာဟမှုပြဿနာကို ဖြေရှင်းနိုင်တဲ့ အဓိကသော့ချက်ဖြစ်လာနေပါတယ်။ ဥပမာ အားဖြင့် ပြင်သစ်နိုင်ငံ နိုင်ငံတကာဆက်ဆံရေး သုတေသီပညာရှင် Marc Pinget ရဲ့ သုတေသန အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံဟာ “ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ကြီးပွား ချမ်းသာရေး” မူဝါဒမှတစ်ဆင့် ခေတ်မီတိုးတက်ရေးကို အနက်အဓိပ္ပာယ် ပြန်လည် သတ်မှတ်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။