ထိုင်းနိုင်ငံက တရုတ်ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံရေးအတွက် အစီအမံများစွာကို အကောင်အထည်ဖော်လျက်ရှိဟု ထိုင်းတာဝန်ရှိသူ ပြော

Xinhua, October 30, 2025
Size:

ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ Sanctuary of Truth ပြတိုက်သို့ လာရောက်လည်ပတ်နေသည့် ခရီးသွားဧည့်သည်များအား ၂၀၂၄ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းအစိုးရအနေဖြင့် တရုတ်ခရီးသွားဧည့်သည်များကို အထူးအလေးထားကာ ၎င်းတို့အတွက် သီးခြားစီစဉ်ထားသည့် ဘေးကင်းလုံခြုံရေး အစီအမံများစွာ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဝါနီဒ ဖန်းဆက်ဒ်က အောက်တိုဘာ ၂၂ ရက်၌ ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် တရုတ်စကားပြော ခရီးသွားဧည့်သည်များကို အကူအညီပေးနေသည့် ခရီးသွားဝန်ဆောင်မှုစင်တာ ၇၉ ခုကို ချိတ်ဆက်ထူထောင်ထားကြောင်း ဘန်ကောက်မြို့တွင် ကျင်းပသည့် တရုတ်ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံမှုရှိစေရန် ဆောင်ရွက်ပေးရေးနှင့် စပ်လျဉ်းသည့် ပူးတွဲအစည်းအဝေး၌ ဝါနီဒက ပြောကြားခဲ့သည်။ အန္တရာယ်ကျရောက်နေသည့် ခရီးသွားဧည့်သည်များအနေဖြင့် ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့၏ hotline ဖုန်းနံပါတ်ဖြစ်သော 1155 သို့ ခေါ်ဆို၍ဖြစ်စေ၊ ထိုင်းကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့ အက်ပလီကေးရှင်းထဲသို့ ဝင်ရောက်၍ဖြစ်စေ အရေးပေါ်ကြုံတွေ့ရသည့် အခြေအနေမှန်သမျှကို အကြောင်းကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ခရီးသွားဧည့်သည်များ အဓိက လာရောက်လည်ပတ်လေ့ရှိသည့် နေရာများတွင် စောင့်ကြည့်ကင်မရာ အများအပြား တပ်ဆင်ထားသလို ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် ခရီးသွားအာမခံ အစီအစဉ်များကို ကြေညာသွားမည်ဟုလည်း ၎င်းတာဝန်ရှိသူက ပြောသည်။
အစည်းအဝေး တက်ရောက်လာသည့် ခရီးသွားလုံခြုံရေး ရဲဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနှင့် လေဆိပ်အာဏာပိုင်အဖွဲ့ အပါအဝင် ထိုင်းအစိုးရဌာနအသီးသီးမှ ကိုယ်စားလှယ်များက ၎င်းတို့အနေဖြင့် တရုတ်ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံမှု တိုးမြှင့်ရေးနှင့် ဘေးကင်းလုံခြုံသော ခရီးသွားလာရေးနေရာအဖြစ် ထိုင်းနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံမှူးကြီးနှင့် ကောင်စစ်ဝန်ချုပ်ဖြစ်သူ ဝူကျန့်က ထိုင်းနိုင်ငံအနေဖြင့် လုံခြုံရေးအတွက် ပိုမိုအားဖြည့်ဆောင်ရွက်ကာ တရုတ်ခရီးသွားဧည့်သည်များ အဆင်ပြေစေရေးအတွက် အစီအမံများကို ပိုမိုဦးတည်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့်လည်း ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုသွားရောက်လည်ပတ်ရေးအတွက် ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဝူက ဆက်လက်ပြောကြားသည်။
၂၀၂၅ ခုနှစ် ပထမကိုးလတာအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည် ၃.၄၂ သန်းခန့်ရှိကြောင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။