ယခုနှစ် ပထမ ၉လ အတွင်း တရုတ် GDP တိုးနှုန်း ၅.၂ရာခိုင်နှုန်း ရှိခြင်း မှတစ်ဆင့် မည်သည့် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်များကို တွေ့မြင်နိုင်သနည်း

CGTN, October 29, 2025
Size:

ယခုလ ၂၀ရက်နေ့က တရုတ် အစိုးရသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အထိ အမျိုးသား စီးပွားရေး ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့သည်။ ပဏာမ တွက်ချက်အရ ယခုနှစ် ပထမ ၉လတွင် GDP တိုးနှုန်းမှာ ၅.၂ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ယင်းကိန်းဂဏန်း၏ နောက်ကွယ်တွင် မည်သည့် တရုတ် စီးပွားရေး၏ ထူးခြားချက်များ ရှိသနည်း။

ပထမ အချက်က တည်ငြိမ်သော အနေအထား ပိုမို ခိုင်မာလာခြင်း ဖြစ်သည်။ ခြုံငုံ ကြည့်လျှင် ယခုနှစ် ပထမ ၉လတွင် အဓိက မက္ကရို ညွှန်းကိန်းများ တည်ငြိမ်ပြီး တစ်နှစ်ပတ်လုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် အကောင်အထည် ဖော်ဆောင်ရန် အတွက် ကောင်းမွန်သော အခြေခံ အုတ်မြစ်ကို ချမှတ်ပေးခဲ့သည်။

ဒုတိယ အချက် ကတော့ တိုးတက်မှု အရှိန် ပိုမို သိသာထင်ရှားလာခြင်း ဖြစ်သည်။ ယခုနှစ်တွင် တရုတ်နိုင်ငံသည် ဒေသ ထူးခြားချက် ဝိသေသနှင့် အညီ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပြီး တရုတ် စီးပွားရေး အတွက် တွန်းအားသစ်များကို ဖော်ဆောင်ပေးကာ တစ်ကမ္ဘာလုံး ဆန်းသစ်တီထွင်မှုများကို အရှိန်မြှင့် စေခဲ့သည်။ ကမ္ဘာ့ ပညာ မူပိုင်ခွင့် အဖွဲ့မှ နောက်ဆုံး ထုတ်ပြန်ခဲ့သော အစီရင်ခံစာ အရ ၂၀၂၅ခုနှစ်တွင် တရုတ် နိုင်ငံ၏ ဆန်းသစ်တီထွင်မှု ညွှန်းကိန်းသည် ပထမဆုံး အကြိမ် အဖြစ် ကမ္ဘာ့ ထိပ်တန်း ၁၀နေရာသို့ ဝင်ရောက်ရပ်တည်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ပိုမို ရခဲသော အချက် တစ်ချက်က တရုတ် စီးပွားရေး၏ ရေရှည်ခိုင်မာမှု ရှိခြင်း ဖြစ်သည်။ ယခုနှစ်တွင် ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ပြန့်ပွားခြင်း၊ ပထဝီဝင် နိုင်ငံရေး အငြင်းပွားမှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေး အငြင်းပွားမှု စသည့် ပြဿနာများ အကြိမ်းပေါင်းများစွာ ဖြစ်ပွားခဲ့ခြင်းကို ရင်ဆိုင်နေရသော်လည်း ယခုနှစ် ပထမ ၉လတွင် တရုတ် နိုင်ငံ၏ ကုန်ပစ္စည်း သွင်းကုန်ပို့ကုန် ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၄ရာခိုင်နှုန်း တိုးလာပြီး အလားတူ တိုးတက်မှုကို ၃လပတ် ၈ခု ဆက်တိုက် အကောင်အထည် ဖော်ဆောင်နိုင်ခဲ့သည်။

ယခုနှစ်သည် တရုတ် နိုင်ငံ၏ ၁၄ကြိမ်မြောက် ၅နှစ် စီမံကိန်း ပြီးမြောက်သည့် နှစ် ဖြစ်ပြီး ၁၅ကြိမ်မြောက် ၅နှစ် စီမံကိန်း အတွက် ရေးဆွဲချမှတ်သည့် နှစ်လည်း ဖြစ်သည်။ ယခုလ ၂၀ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ပေကျင်းတွင် စတင် ကျင်းပခဲ့ပြီး လမည့် ၅နှစ် အတွင်း တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဘက်ပေါင်းစုံကနေ စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာမြောက် ရေးဆွဲချမှတ်ခြင်းကို ပြုလုပ်မည် ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက တရုတ် နိုင်ငံ၏ ၁၅ကြိမ်မြောက် ၅နှစ် စီမံကိန်း ရေးဆွဲချမှတ်ခြင်းသည် ကမ္ဘာ့ စီးပွားရေး အတွက် အလွန် အရေးကြီးကြောင်း အသီးသီး မှတ်ချက်ပေးခဲ့သည်။ တရုတ် နိုင်ငံ အနေနှင့် မူဝါဒ တည်ငြိမ်စွာ ကျင့်သုံးခြင်းနှင့် နိုင်ငံခြားသို့ တံခါးဖွင့်မှု အဆက်မပြတ် တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် တစ်ကမ္ဘာလုံး အတွက် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးအမြတ်သစ်များကို ဖော်ဆောင်ပေးရန် ကမ္ဘာက မျှော်လင့်နေကြသည်။