ရှီကျင့်ဖိန်သည် ကမ္ဘာ့ အမျိုးသမီးများ ထိပ်သီးညီလာခံတွင် အဓိကမိန့်ခွန်း ပြောကြား

CGTN, October 20, 2025
Size:

  တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာလ ၁၃ ရက်နေ့က စတင် ကျင်းပခဲ့သော ကမ္ဘာ့ အမျိုးသမီးများ ထိပ်သီးညီလာခံတွင် “ပေကျင်း အမျိုးသမီးများ ထိပ်သီးညီလာခံ၏ စိတ်ဓာတ်ကို ထွန်းကားစေပြီး အမျိုးသမီးရေးရာ လုပ်ငန်းများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်သစ်ကို တွန်းအားပေးခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က အမျိုးသမီးများသည် လူသားယဉ်ကျေးမှု၏ အရေးကြီးသည့် ဖန်တီးသူ၊ တွန်းအားပေးသူနှင့် ဆက်ခံသူများ ဖြစ်ပြီး အမျိုးသမီးရေးရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံတာဝန် ဝတ္တရား ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် ၃၀ အတွင်း ပေကျင်း ကမ္ဘာ့ အမျိုးသမီးများ ထိပ်သီးညီလာခံ စိတ်ဓာတ်၏ လမ်းညွှန်ချက်ဖြင့် ကမ္ဘာ့ အမျိုးသမီး ရေးရာ လုပ်ငန်းများသည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး လူသား ယဉ်ကျေးမှု တိုးတက်ရေး အတွက် ထွန်းလင်းတောက်ပမှုများ ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှရေးသည် နိုင်ငံတကာ မိသားစုကြီး၏ ဘုံသဘောတူညီမှု ဖြစ်လာပြီ ဖြစ်ပြီး ကုလသမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်နှင့် အဓိက လုပ်ငန်းနယ်ပယ်များမှာ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အဖြစ် ထည့်သွင်း သတ်မှတ်ထားကြောင်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က တစ် ကမ္ဘာလုံးမှ အမျိုးသမီးများသည် ကံကြမ္မာတူ အသိုက်အဝန်းပင် ဖြစ်ကြောင်း၊ မျက်မှောက် အချိန်တွင် အမျိုးသမီးများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ခြင်းတွင် ရှုပ်ထွေးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်လျက် ရှိပြီး အမျိုးသား အမျိုးသမီး တန်းတူရည်တူ ဖြစ်မှု ဖော်ဆောင်ရေးသည် လေးနက် ခက်ခဲသော တာဝန် တစ်ရပ်ပင် ဖြစ်ကြောင်း၊ အနာဂတ်တွင် မိမိတို့သည် ပေကျင်း ကမ္ဘာ့ အမျိုးသမီးများ ထိပ်သီးညီလာခံ၏ မူရင်းစိတ်ဖြင့် အမျိုးသမီးရေးရာ လုပ်ငန်းများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမို များပြားသော သဘောတူညီမှုများကို စုစည်းပြီး၊ ပိုမို ကျယ်ပြန့်သော လမ်းကြောင်းများဖွင့်လှစ်ကာ ပိုမို ထိရောက်သော ဆောင်ရွက်မှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  ဒါ့အပြင် ရှီကျင့်ဖိန်က အဆိုပြုချက် လေးချက်ကိုလည်း ဖော်ပြထားပါသည်။ ၎င်းတို့မှာ အမျိုးသမီးရေးရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသည့် ပတ်ဝန်းကျင်ကောင်းများကို လက်တွဲ ဖန်တီးပေးကြရန်၊ အမျိုးသမီးရေးရာ လုပ်ငန်းများ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်သော အားကောင်းသော စွမ်းဆောင်ရည်များကို လက်တွဲ မွေးထုတ်ပြုစုကြရန်၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အာမခံပေးနိုင်သော စီမံအုပ်ချုပ်ရေး အခြေအနေကို လက်တွဲ ထူထောင်ကြရန်နှင့် နိုင်ငံတကာ အမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးနိုင်သော အခန်းကဏ္ဍသစ်ကို လက်တွဲ ဖွင့်လှစ်ပေးကြရန်တို့ ဖြစ်ပါသည်။

   ရှီကျင့်ဖိန်က နှစ်ပေါင်းများစွာ ကြိုးပမ်းပြီးနောက် တရုတ် အမျိုးသမီးရေးရာ လုပ်ငန်းများတွင် သမိုင်းဝင် အောင်မြင်မှုများ ရရှိပြီး သမိုင်းဝင် ပြောင်းလဲမှုများလည်း ရရှိ နိုင်ခဲ့ကြောင်း၊ ယနေ့တွင် တရုတ်အမျိုးသမီးများသည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် “ကောင်းကင်ယံ တစ်ဝက်” ကဲ့သို့ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ တရုတ် ခေတ်မီရေး ခရီးစဉ်သစ်တွင် အမျိုးသမီးတိုင်းသည် “ဦးဆောင် ဇာတ်ဆောင် ”ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်က သမိုင်း၏ စမှတ်သစ်တွင် ရပ်တည်လျက် မိမိတို့သည် ပေကျင်း ကမ္ဘာ့ အမျိုးသမီးများ ထိပ်သီးညီလာခံ စိတ်ဓာတ်ကို ဆက်ခံပြီး ထွန်းကားစေကာ လူသား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး ရည်မှန်းချက်အတိုင်း ချီတက်ပြီး အမျိုးသမီးများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်ကို တွန်းအားပေးကာ လူသားများ၏ ပိုမို သာယာလှပသော အနာဂတ်ရေးကို လက်တွဲ ဖန်တီးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။