လန်ချန်း-မဲခေါင်နိုင်ငံများ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုပြိုင်ပွဲ ကျင်းပမည့်အကြောင်းကြားစာကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် သိပ္ပံနှင့် နည်းပညာဌာနနှင့် ပြည်နယ်အစိုးရ နိုင်ငံခြားရေးရာရုံးတို့မှ ယခုရက်ပိုင်းများတွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ အဆိုပါအကြောင်းကြားစာအရ ယူနန်ပြည်နယ်သည် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ”လန်ချန်း-မဲခေါင် ဉာဏ်ပညာ စုစည်းခြင်း-အနာဂတ် ဖန်တီးမျှဝေခြင်း”ဟူသောခေါင်းစဥ်ဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ်ပြိုင်ပွဲသည် လန်ချန်း-မဲခေါင်နိုင်ငံ ၆ နိုင်ငံမှ ပြိုင်ပွဲစီမံကိန်းများ စုဆောင်းပြီး ကနဦးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကာ တရုတ်နိုင်ငံ(ဟယ်ခိုမြို့)၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ထပ်ဆင့်ပြိုင်ပွဲနေရာ ၃ ခုကို အသီးသီးထားရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ပထမဆယ်ရက်တွင် ကူမင်းမြို့၌ ဗိုလ်လုပွဲ ကျင်းပမည်ဖြစ်သည်။
ယခုအကြိမ်ပြိုင်ပွဲသည် လန်ချန်း-မဲခေါင်ဒေသ၏ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို အာရုံစိုက်ပြီး ဇီဝဆေးပညာ၊ ခေတ်မီစိုက်ပျိုးရေး၊ ပစ္စည်းအသစ်၊ စက်ကိရိယာထုတ်လုပ်ရေး၊ အစိမ်းရောင်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်သတင်းနည်းပညာ၊ ဉာဏ်ရည်တု၊ ဘဏ္ဍာရေးနည်းပညာ စသည့်နယ်ပယ်များမှ စီမံကိန်းများအား ပါဝင်ယှဥ်ပြိုင်ရန် အားပေးမည် ဖြစ်သည်။