တရုတ်နိုင်ငံက ဒေသတွင်းမှသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအထိ အရေးပါသော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆင် ဆို

Xinhua, October 11, 2025
Size:

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကျင်းပသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်ပြည့် ဧည့်ခံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားနေသော ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံတော် ယာယီ အကြီးအကဲ ဟွန်ဆင်အား စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံတော် ယာယီ အကြီးအကဲ ဟွန်ဆင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်လာသည့် ၇၆ နှစ်တစ်လျှောက် ကဏ္ဍအသီးသီးတွင် ကြီးမားသော အောင်မြင်မှု ရရှိခဲ့ရာ ဒေသတွင်းမှသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုအထိ အရေးပါသော ပံ့ပိုးကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဟွန်ဆင်က ထိုနေ့တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးတွင် ကျင်းပသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၇၆ နှစ်ပြည့် ဧည့်ခံပွဲတက်ရောက်ခဲ့သည်။ ၇၆ နှစ်ကာလတွင် တရုတ်နိုင်ငံသည် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ခက်ခဲသော စိန်ခေါ်မှုအမျိုးမျိုးကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီး စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ စက်မှု၊ သိပ္ပံနည်းပညာ စသည့် ကဏ္ဍအများအပြားတွင် ကမ္ဘာ့အချက်အချာများအနက် တစ်ခု ဖြစ်လာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၁၉၅၈ ခုနှစ်က ကမ္ဘောဒီးယား-တရုတ် သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ နှစ်နိုင်ငံကြား မိတ်ဖက်ဆက်ဆံရေးသည် ခေတ်အဆက်ဆက်ခေါင်းဆောင်များ ဂရုတစိုက် ပျိုးထောင်မှုအောက်တွင် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာလာခဲ့ပြီး နှစ်နိုင်ငံသည် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နှင့် သံမဏိကဲ့သို့ ခိုင်မြဲသော မိတ်ဆွေများ ဖြစ်လာခဲ့ကြောင်း၊ နှစ်ဖက်သည် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ နီးကပ်ပြီး အောင်မြင်မှုရလဒ်များ ကြွယ်ဝကာ နှစ်နိုင်ငံ၏ အစဉ်အလာ စည်းလုံးညီညွတ်နှင့် ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေခဲ့ကြောင်း၊ နှစ်ဖက် အလွှာအသီးသီး၊ ကဏ္ဍအသီးသီး၏ ကူးလူးဆက်ဆံမှုသည် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု တိုးတက်စေပြီး အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ရာ ကမ္ဘောဒီးယား-တရုတ် ချစ်ကြည်ရေးမှာ နေ့စဉ်နှင့်အမျှကို ပိုမိုခိုင်မြဲစေခဲ့ကြောင်း ဟွန်ဆင်က ပြောကြားခဲ့သည်။
ဟွန်ဆင်က ယခုနှစ်သည် ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေးအတွက် ထူးခြားသော နှစ်တစ်နှစ်ဖြစ်ပြီး သမ္မတ ရှီကျင့်ဖိန်သည် ယခုနှစ် ဧပြီလတွင် ကမ္ဘောဒီးယားသို့ အောင်မြင်မှု ရလဒ် ကြွယ်ဝသော နိုင်ငံတော်ခရီးစဉ်လာရောက်ခဲ့ကြောင်း၊ ခရီးစဉ်ကာလအတွင်း နှစ်နိုင်ငံသည် ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရန် သဘောတူညီခဲ့ကြပြီး ယင်းသည် နှစ်နိုင်ငံက တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံသော သံမဏိကဲ့သို့ ခိုင်မြဲသော ချစ်ကြည်ရေးကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးမိတ်ဖက်၊ အဓိက ကူညီပံ့ပိုးပေးသော နိုင်ငံ၊ ကမ္ဘောဒီးယား လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအား ထောက်ခံအားပေးသော အဓိကနိုင်ငံဖြစ်ရာ ကမ္ဘောဒီးယား လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးနှင့် လူနေမှုဘဝ ကောင်းမွန်တိုးတက်ရေးအတွက် အရေးပါသောအကျိုးဆောင်များ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၎င်းအနေဖြင့် ကမ္ဘောဒီးယား-တရုတ် နှစ်ဖက် ကုန်သွယ်ရေး တိုးတက်လာခြင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုပမာဏ တည်ငြိမ်စွာ တိုးတက်လာမှုအပေါ် ဂုဏ်ပြုကြောင်း၊ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ “ကမ္ဘောဒီးယား-တရုတ် ခရီးသွားနှစ်” အစီအစဉ်များကို ကောင်းမွန်စွာ ကျင်းပကာ ပိုမိုများပြားသော တရုတ်ခရီးသွားဧည့်သည်များ ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်ရန်၊ နှစ်နိုင်ငံ ပြည်နယ်၊ မြို့ တိုက်ရိုက်လေကြောင်းများ တိုးများလာပြီး လူမှုယဉ်ကျေးမှု မြှင့်တင်ရန် မျှော်လင့်ကြောင်း ဟွန်ဆင်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းများ ဆက်လက်၍ လက်တွဲ ကြိုးစားကာ သံမဏိကဲ့သို့ ခိုင်မြဲသော ချစ်ကြည်ရေး ခိုင်ခံ့စေရန်၊ “စိန်ပွင့်ပမာ ခြောက်ပွင့်ဆိုင်” ပူးပေါင်းဆောင်ရွက်မှုဖွဲ့စည်းပုံကို ပြည့်ဝစေရန်၊ “စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စင်္ကြံ” နှင့် “ရေလုပ်ငန်းနှင့် ဆန်စပါးလုပ်ငန်း စင်္ကြံ” ကို ကောင်းမွန်စွာ တည်ဆောက်ရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် ပဉ္စဂံ မဟာဗျူဟာ” စသည့် ပထမအဆင့် ချိတ်ဆက်ရန်လည်း မျှော်လင့်ကြောင်း၊ ကမ္ဘောဒီးယားဘက်မှ အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှု၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၊ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂစသည့် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ မူဘောင်အတွင်း တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်းမှသည် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် သာယာဝပြော ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားသော ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။