
မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က “မြန်မာနိုင်ငံ ဆိပ်ကမ်းစီမံကိန်းများ၏ စိန်ခေါ်မှုများနှင့် ခံနိုင်ရည်ဆန်းစစ်မှု အတွေ့အကြုံမျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပနေစဉ် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ “ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့” ညီလာခံ၏ ဖိုရမ်ခွဲဖြစ်သော “မြန်မာနိုင်ငံ ဆိပ်ကမ်းစီမံကိန်းများ၏ စိန်ခေါ်မှုများနှင့် ခံနိုင်ရည်ဆန်းစစ်မှု အတွေ့အကြုံမျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို စက်တင်ဘာ ၂၅ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။
CITIC Group (Myanmar) Company Limited (CITIC Myanmar) ဒုတိယအထွေထွေမန်နေဂျာ မာချွမ်ဖူက အမှာစကားပြောကြားတွင် မြန်မာနိုင်ငံသည် ယူရေးရှား ငလျင်ရပ်ဝန်းတွင် တည်ရှိပြီး ငလျင် စသည့် သဘာဝဘေးအန္တရာယ်များက ဆိပ်ကမ်းအဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုနှင့် တည်ငြိမ်စွာလည်ပတ်မှုကို ပြင်းထန်သော စိန်ခေါ်မှုဖြစ်စေနိုင်ကြောင်း၊ ဆိပ်ကမ်း ဒီဇိုင်း၊ ဆောက်လုပ်ရေးနှင့် လည်ပတ်မှုဆိုင်ရာ အတွေ့အကြုံများ ဖလှယ်ခြင်းဖြင့် ဆိပ်ကမ်း ဆောက်လုပ်ရေးနှင့် လည်ပတ်မှု၏ ခံနိုင်ရည်စွမ်းအား မြှင့်တင်မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
CITIC Myanmar သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ကနဦးလုပ်ငန်းများ မြှင့်တင်လုပ်ဆောင်သည့်တစ်ချိန်တည်းတွင် ဒေသန္တရလူနေမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ဂရုစိုက်ပေးပြီး တက်ကြွစွာ အကူအညီများ ပံ့ပိုးခဲ့ကြောင်း၊ တာဝန်ယူမှု၊ စဉ်ဆက်မပြတ်မှု နည်းလမ်းဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို တည်ဆောက်ကာ မြန်မာနိုင်ငံပြည်သူများ၊ လူမှုအဖွဲ့အစည်း နယ်ပယ်အသီးသီးတို့နှင့်အတူ ဖြစ်နိုင်ခြေအသစ်များကို အတူတကွဖန်တီးသွားမည် ဖြစ်ကြောင်း မာချွမ်ဖူက ပြောကြားခဲ့သည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးနေမျိုးညွန့်က မြန်မာနိုင်ငံဆိပ်ကမ်းလုပ်ငန်း လက်ရှိအခြေအနေကို မိတ်ဆက်ပြောကြားခဲ့ပြီး နယ်ပယ်အသီးသီးအနေဖြင့် မြန်မာနိုင်ငံ ဆိပ်ကမ်းဝန်ဆောင်မှုစွမ်းရည်ကို မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ တရုတ်နိုင်ငံ ဟယ်ဟိုင်တက္ကသိုလ်၊ တရုတ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ ထျန်ကျင်းရေကြောင်းပို့ဆောင်ရေး အင်ဂျင်နီယာ သိပ္ပံသုတေသနဌာန စသည့် အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များသည် မြန်မာနိုင်ငံဆိပ်ကမ်းအဆောက်အဦများ ဖြန့်ကြက်မှုထူးခြားချက်နှင့် ငလျင်ကြောင့်ဖြစ်ပေါ်လာသော သက်ရောက်မှုများကို ပေါင်းစပ်ကာ ဒီဇိုင်းရေးဆွဲခြင်း၊ ဆောက်လုပ်ခြင်းနှင့် လည်ပတ်ခြင်း စသည့် အဆင့်ဆင့်သုတေသနဆိုင်ရာ အောင်မြင်မှုရလဒ်များနှင့် အတွေ့အကြုံများကို မျှဝေခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များနှင့် ဆွေးနွေးဖလှယ်၍ အပြန်အလှန် တုံ့ပြန်ခဲ့ကြသည်။
ယခုအကြိမ်ဆွေးနွေးပွဲကို CITIC Myanmar ၊ China Harbour Engineering Company Ltd. (CHEC) နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့က အတူတကွ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊ တရုတ်နိုင်ငံ ဟယ်ဟိုင်တက္ကသိုလ် စသည်တို့မှ စုစုပေါင်း လူ ၇၀ ကျော် တက်ရောက်ခဲ့သည်။
