မဲခေါင်မြစ်နိုင်ငံများက မြစ်ကျဉ်းသုံးသွယ်ရေကာတာက အတွေ့အကြုံများလေ့လာကြ - တရုတ်နိုင်ငံ၏ ‌ရေစီမံခန့်ခွဲမှုဉာဏ်ပညာက အထူးအာရုံစိုက်ခံရ

lmcchina.org, October 10, 2025
Size:

စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို စက်တင်ဘာလ ၂၄ ရက် က ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ ဖိုရမ် ကျင်းပသည့်ကာလတွင် မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဟူပေပြည်နယ် ရီချန်းမြို့ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာကြီးသို့ သွားရောက်လေ့လာကြည့်ရှုကြသည်။

လာအိုနိုင်ငံ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Chanthanet Boualapha က “ဒါက စွမ်းဆောင်မှု ပြည့်စုံတဲ့ ရေကာတာကြီးတစ်ခု ဖြစ်တယ်၊ ရေကြောင်းသွားလာ‌ရေး၊ ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေး၊ ရေသွင်းပေးမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ဆောင်နိုင်တယ်”ဟု ပြောသည်။ ယင်းစီမံကိန်းသည် မဲခေါင်မြစ်ဝှမ်းအတွက် အရေးကြီးသောမှီငြမ်းဖွယ် ဖြစ်ကြောင်း ၎င်းက ယူဆသည်။ “မြစ်ကျဉ်းသုံးသွယ်ရေကာတာကြီးရဲ့ ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေးနဲ့ ကြိုတင်သတိပေးမှုဆိုင်ရာအတွေ့အကြုံများ သင်ယူတာက ကျွန်တော်တို့အနေနဲ့ ပိုမိုကောင်းတဲ့ပြင်ဆင်မှု လုပ်နိုင်ဖို့အတွက် သိပ်အရေးကြီးတယ်”ဟု ၎င်းက ပြောသည်။ မြစ်ကျဉ်းသုံးသွယ်ရေကာတာကြီး၏ ရေစွမ်းအင်အား သိပ္ပံနည်းကျ အသုံးချနည်းသည်လည်း အလားတူသင်ယူလေ့လာထိုက်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Boualapha က မြစ်ကျဉ်းသုံးသွယ်ရေကာတာကြီး၏ ရွှေ့ပြောင်း‌နေထိုင်ရေးနှင့် နေရာချထားရေးစီမံကိန်းသည် ပြည်သူ့အသက်မွေးဝမ်းကျောင်း စောင့်ရှောက်ပေးရေးတွင် လုပ်ငန်းများပြားစွာလုပ်ဆောင်ခဲ့ကြောင်း၊ စာသင်ကျောင်းနှင့် ဆေးရုံများ တည်ဆောက်ခြင်းနှင့် ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများကို ထောက်ပံ့ခြင်းအားဖြင့် ‌ရွှေ့ပြောင်းနေထိုင်သူများ၏ နေထိုင်မှုဘဝအတွက် အာမခံမှု ရှိစေရန်နှင့် တိုးတက်ကောင်းမွန်စေရန် ဦးတည်ချက်ကို ပံ့ပိုးပေးခဲ့ကြောင်း ထပ်မံပြောကြားသည်။

ထိုင်းနိုင်ငံ ရေအရင်းအမြစ်ရေးရာရုံး အတွင်းရေးမှူး Surasri Kidtimonton က “ဒီရေကာတာကြီးက ရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်တယ်၊ သန့်ရှင်းတဲ့စွမ်းအင် ထုတ်လုပ်နိုင်တယ်။ ဒါ့အပြင် တောင်ဘက်က မြောက်ဘက်ကို ရေလွှဲမှုစီမံကိန်းကို သေချာစေရာ ရေလိုအပ်တဲ့ဒေသတွေကို ရေအရင်းအမြစ်ပို့ဆောင်ရေး ပံ့ပိုးပေးတယ်”ဟု ၎င်းက ထောက်ပြပြောကြားခဲ့သည်။ ၎င်းသည် ရေကာတာ၏သင်္ဘောဖြတ်သန်းသွားလာရန်‌ ရေပြင်ညှိဆည်နည်းပညာကို အထူးစိတ်ဝင်စားပြီး “ဒါက ကျနော်တို့ သင်ယူနိုင်ပြီး ထိုင်းနိုင်ငံမှာ အသုံချနိုင်တဲ့နည်းပညာပါ”ဟု ပြောသည်။

လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုစင်တာ အကြီးအကဲ ကျိုးကျစ်ဝေက မဲခေါင်မြစ်ဝှမ်းနိုင်ငံများမှ ကိုယ်စားလှယ်များအား လက်တွေ့ကွင်းဆင်းကြည့်ရှုလေ့လာခြင်း ပြုလုပ်ရန် ဖိတ်ကြားခြင်းသည် တရုတ်နိုင်ငံ၏ ရေစီမံခန့်ခွဲမှု သဘောတရားများနှင့် နည်းပညာများကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်လာစေရန်နှင့် အတွေ့အကြုံများကို ၎င်းတို့နိုင်ငံ၏ ထူးခြားချက်များနှင့် ကိုက်ညီသောမူဝါဒများနှင့် လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲနိုင်စေရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ဒီလိုဆိုရင် နိုင်ငံခြောက်နိုင်ငံက ရေအရင်းအမြစ်စီမံခန့်ခွဲမှုအရည်အချင်းကို အတူမြှင့်တင်နိုင်မယ်၊ ကုလသမဂ္ဂရဲ့ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ်က ရေနှင့် သက်ဆိုင်ရာကဏ္ဍရည်မှန်းချက်ကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်နိုင်မယ်”ဟု ၎င်းက ပြောသည်။

အနာဂတ်ကို မျှော်ကြည့်ရာတွင် ကျိုးကျစ်ဝေက “ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဥ်မှာ ရေနဲ့ သက်ဆိုင်တဲ့ကဏ္ဍစိန်ခေါ်မှုတွေကို အတူတကွ ကိုင်တွယ်ဖြေရှင်းဖို့  လိုပါတယ်။ လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်လှုပ်ရှားမှုစီမံကိန်း(၂၀၂၃-၂၀၂၇)ကို အဆက်မပြတ် အရှိန်မြင့်အကောင်အထည်ဖော်မယ်”ဟု ပြောကြားသည်။

နိုင်ငံခြောက်နိုင်ငံသည် ရေစီမံခန့်ခွဲမှုမူဝါဒများ ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ပိုမိုထိ‌ရောက်မှုရှိသော ရေအရင်းအမြစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့် စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်သော၊ တံခါးဖွင့်လှစ်ပြီး ဘုံအကျိုးစီးပွားဖော်ဆောင်သော၊ အစိမ်းရောင် တီထွင်ဆန်းသစ်သော၊ ငြိမ်းချမ်းသာယာသော ”လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၂.၀ ဗားရှင်းကို တည်ဆောက်ရာတွင် အထောက်အပံ့ပြုကြရန် ၎င်းက တိုက်တွန်းခဲ့သည်။