စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ၂၀၂၅ တရုတ်-အာဆီယံ ဉာဏ်ရည်တုဆိုင်ရာ ဝန်ကြီးများစားပွဲဝိုင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တရုတ်-အာဆီယံနိုင်ငံများ ဉာဏ်ရည်တု အပလီကေးရှင်း ပူးပေါင်းဆောင်ရွက်ရေးစင်တာ တည်ဆောက်ရန် လက်တွဲစတင်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။
အဆိုပါစင်တာကို ကွမ်ရှီးဒေသ၌ အခြေစိုက်တည်ဆောက်မည်ဖြစ်ပြီး ဉာဏ်ရည်တုဖွံ့ဖြိုးတိုးတက်ရေးအုတ်မြစ် ခိုင်မာစေခြင်း၊ open source ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်း၊ လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု ချိတ်ဆက်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး မြှင့်တင်ခြင်း စသည့် ကဏ္ဍများကို ဗဟိုပြု၍ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများကြား နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များနှင့် အကျိုးကျေးဇူးများကို နိုင်ငံအသီးသီးက ခံစားရရှိစေပြီး ပိုမိုခိုင်မာသည့် တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးမည်ဖြစ်ပါသည်။
တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ တာဝန်ရှိသူက ဉာဏ်ရည်တု အပလီကေးရှင်း ပူးပေါင်းဆောင်ရွက်ရေးစင်တာသည် ဉာဏ်ရည်တု နယ်ပယ်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော ရလဒ်တစ်ခု ဖြစ်ကြောင်း၊ ဆက်လက်ပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများကြား ဉာဏ်ရည်တု လိုအပ်ချက်နှင့် ထောက်ပံ့မှုချိတ်ဆက်ခြင်း၊ အရင်းအမြစ်များ မျှဝေခြင်းနှင့် စွမ်းရည်တည်ဆောက်ခြင်း စသည်တို့ကို အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရန် အားသစ်လောင်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။