တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ယန်းတုန်းက တရုတ်နိုင်ငံအနေဖြင့် တရုတ်-အာဆီယံ အရှေ့ပိုင်း တိုးတက်ရေးဒေသနှင့် လန်ချန်း-မဲခေါင် စသည့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုများအပေါ် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်သွားမည်ဖြစ်ပြီး တရုတ်-အာဆီယံ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့၏တွန်းအားကို အဆက်မပြတ် မြှင့်တင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်တွင် ကျင်းပသော နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ စီးပွားရေးလုပ်ငန်းပေါင်း ၃၂၀၀ ခန့် ပါဝင်ပြသကြမည်ဖြစ်သည်။
ယန်းတုန်းက ယခုနှစ်များအတွင်း တရုတ်-အာဆီယံ နိုင်ငံများအကြား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကူးလူးဆက်ဆံမှုသည် ကောင်းမွန်သောအရှိန်အဟုန်ဖြင့် ဆက်လက်တည်ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေးကို ဆက်လက်တွန်းအားပေးမည်ဖြစ်ပြီး ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်သဘောတူညီချက်စာချုပ် RCEP ကို အရည်အသွေးမြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြသည်။
ထို့ပြင် တရုတ်နိုင်ငံသည် အပူပိုင်းဒေသ သစ်သီးဝလံနှင့် ကော်ဖီ စသော အာဆီယံ၏ ထူးခြားအားသာချက် ရှိသောထုတ်ကုန်များ တင်သွင်းမှုကို ချဲ့ထွင်ရန် ဆန္ဒရှိပြီး တစ်ချိန်တည်းတွင် အာဆီယံနိုင်ငံများနှင့် နယ်စပ်ဖြတ်ကျော် e-commerce ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကာ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုတွင် တွန်းအားအသစ်များ စဉ်ဆက်မပြတ် ဖြည့်တင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယန်းတုန်းက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာကုန်းလမ်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းသစ် တည်ဆောက်ရေးကို မြှင့်တင်မည်ဖြစ်ပြီး လမ်းကြောင်း၏ ကြံ့ကြံ့ခံမှုနှင့် ရှင်သန်မှုကို အားဖြည့်ပေးမည်ကြောင်း၊ အာဆီယံနှင့်အတူ အဓိကထွက်ကုန်များနှင့် ဝန်ဆောင်မှု ချောမွေ့စွာ စီးဆင်းမှုကို ထိန်းသိမ်းကာ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှု စသည့်စိန်ခေါ်မှုများကို ပူးတွဲဖြေရှင်းမည်ဖြစ်ကြောင်း၊ ပိုမိုတည်ငြိမ်သော၊ ချောမွေ့သော၊ နှိုင်းယှဥ်အားသာချက်ကို အခြေခံသော ဒေသတွင်းထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကွင်းဆက်စနစ်ကို တည်ဆောက်မည်ဖြစ်ကြောင်းလည်း ပြောကြားသည်။