တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားသို့ တက်ရောက်သော မြန်မာနိုင်ငံ ယာယီ သမ္မတ မင်းအောင်လှိုင် ထျန်းကျင်းမြို့ ဧည့်ဂေဟာတွင် ဩဂုတ် ၃၀ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) သည် မျက်မှောက်ခေတ်ကြုံတွေ့နေရသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်စီမံရာ၌ အထောက်အကူဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ယင်းအစီအမံအား အပြည့်အဝထောက်ခံကြောင်း မြန်မာနိုင်ငံ ယာယီသမ္မတ မင်းအောင်လှိုင်က မကြာမီရက်ပိုင်းက ပြောကြားခဲ့သည်။
ဖိတ်ကြားချက်အရ မင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီးနောက် ဟေးလုံကျန်း၊ စီချွမ်း စသည့် နေရာများသို့ ခရီးစဉ်များသွားရောက်ခဲ့သည်။
မကြာမီရက်ပိုင်းက ချိန်တူးမြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက သမ္မတ ရှီကျင့်ဖိန်သည် ထျန်းကျင်းမြို့၌ “SCO Plus” အစည်းအဝေးကို ကြီးမှူးကျင်းပစဉ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ကို အဆိုပြုခဲ့ကြောင်း၊ ယင်းမှာ မျက်မှောက်ကမ္ဘာ၌ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်စီမံ၍ရသလို ကမ္ဘာ့ပြည်သူများ၏လိုအပ်ချက်နှင့်လည်း ကိုက်ညီကြောင်း၊ ထို့အပေါ် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံအားပေးသလို ကမ္ဘာ့နိုင်ငံအများအပြား၏ အကြီးအကဲများကလည်း အားပေးထောက်ခံသည်ဟု အသီးသီးဖော်ပြခဲ့ကြကြောင်း ပြောကြားခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထျန်းကျင်းထိပ်သီးအစည်းအဝေးသည် ဘက်စုံအောင်မြင်မှုရရှိခဲ့ကြောင်း မင်းအောင်လှိုင်က တစ်ချိန်တည်းတွင်ပင် အလေးထားပြောကြားခဲ့သည်။
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပမှုသည် ကမ္ဘာတစ်ဝန်းပြည်သူများအတွက် အကျိုးရှိကြောင်း၊ “တရုတ်နိုင်ငံ၏ ကာကွယ်ရေးအင်အားသည် တရုတ်ပြည်သူများကို ကာကွယ်နိုင်ရုံသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုလည်း အထောက်အကူပြုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အယုံကြည်ရဆုံးသော အိမ်နီးချင်းဖြစ်သလို အကောင်းမွန်ဆုံးသော အိမ်နီးချင်းလည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားဖြစ်စေသလို မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံမှုနှင့် တည်ငြိမ်မှုသည်လည်း တရုတ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေကြောင်း၊ မြန်မာ-တရုတ် နှစ်ဖက်အနေဖြင့် အရည်အသွေးမြင့်မားသည့် မြန်မာ-တရုတ် ဆက်ဆံရေး တည်ဆောက်မှုကို ဆက်လက်တွန်းအားပေးသွားမည်ဟု မျှော်လင့်ကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့သည်။