SCO ထျန်းကျင်းထိပ်သီးအစည်းအဝေး၊ တရုတ်- ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ထျန်းကျင်းတွင် ဖွင့်လှစ်

Xinhua, September 11, 2025
Size:

တရုတ်- ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ဖွင့်လှစ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်- ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစိမ်းရောင်ထုတ်လုပ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းကို တရုတ်နိုင်ငံ ထျန်းကျင်းကျီယာ စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုဇုန်၌ စက်တင်ဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး SCO နိုင်ငံများ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ နှီးနှောဖလှယ် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေးကို မြှင့်တင်မည်ဖြစ်သည်။
တရုတ်- ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းသည် SCO နိုင်ငံများ၏ အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ မူဝါဒဖလှယ်ရေး၊ စီမံကိန်းပူးပေါင်းဆောင်ရွက်ရေးနှင့် အရင်းအမြစ်မျှဝေရေးကို မြှင့်တင်ပေးမည်ဖြစ်ပြီး SCO နိုင်ငံများ ဂေဟစနစ် ယဉ်ကျေးမှု လက်တွဲတည်ဆောက်ရာတွင် ကူညီအားဖြည့်ပေးမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်ကာဗွန်နည်း အသွင်ပြောင်းလဲရေးအတွက် ဉာဏ်ပညာနှင့် နည်းလမ်းများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ရှောင်းဝေ့မင်က မိတ်ဆက်ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်သည် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှစ်” ဖြစ်သည်။ အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်းသည် SCO နိုင်ငံများ၏ စီးပွားရေး အသွင်ပြောင်းလဲရေးနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော တွန်းအားတစ်ရပ်အဖြစ် တဖြည်းဖြည်း ဖြစ်လာလျက်ရှိသည်။
တရုတ်- ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းတွင် အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အသင်းချုပ်၊ အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးစင်တာ စသည်တို့ ဖွဲ့စည်းထားပြီး လက်တွေ့စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်မည်ဖြစ်ကာ ထျန်းကျင်းကျီယာ စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်မှုဇုန်ကို အမှီပြု၍ အစိမ်းရောင်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းထောက်က သိရှိရခဲ့သည်။
မကြာသေးမီနှစ်များတွင် ထျန်းကျင်းမြို့သည် အစိမ်းရောင်ကာဗွန်နည်း ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားမှုများကို နက်ရှိုင်းစွာ အကောင်အထည်ဖော်ခဲ့ပြီး လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဘက်စုံ အစိမ်းရောင်အသွင်ကူးပြောင်းရေးကို အလေးပေးဆောင်ရွက်လျက်ရှိသည်။ ထျန်းကျင်းမြို့သည် အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း တည်ဆောက်ရေးကို အပြည့်အဝ မြှင့်တင်ဆောင်ရွက်ကာ ဆွေးနွေးဖလှယ်မှုကို နက်ရှိုင်းစေခြင်း၊ သုတေသနလုပ်ငန်းများ ပူးတွဲဆောင်ရွက်ခြင်း၊ လက်တွေ့စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ခြင်း၊ သတင်းအချက်အလက် အရင်းအမြစ်များ မျှဝေရေး အားကောင်းစေခြင်း၊ အစိမ်းရောင်စံချိန်စံညွှန်းများ ညှိနှိုင်းမှုကို အားဖြည့်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖလှယ်မှုနှင့် လေ့ကျင့်မှု စီစဉ်ခြင်း စသည်တို့မှတစ်ဆင့် အစိမ်းရောင်စက်မှုလုပ်ငန်း ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ထျန်းကျင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူး လျိုထောင်က ပြောကြားခဲ့သည်။
အစည်းအဝေးတက်ရောက်လာကြသော ဘက်အသီးသီးနှင့်အတူ အစိမ်းရောင်ထုတ်လုပ်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ချိတ်ဆက်မှု အခန်းကဏ္ဍမှ အပြည့်အဝ ပါဝင်ဆောင်ရွက်လျက် ပိုမိုများပြားသော လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ ပိုမိုနီးကပ်သော SCO အေးအတူ ပူအမျှ အသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေးအတွက် စွမ်းအားသစ်များ ဖြည့်တင်းပေးမည်ဖြစ်ကြောင်း ရှောင်းဝေ့မင်က ပြောကြားခဲ့သည်။