မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီများက ပထမဆုံးအကြိမ်အဖြစ် ကုမ္ပဏီများ၏ လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း (CSR) အစီရင်ခံစာ ထုတ်ပြန်

Xinhua, September 9, 2025
Size:

မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်း (CECCM) မှ ရေးသားသည့် “မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီများ လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း (CSR) အစီရင်ခံစာ” ထုတ်ပြန်ခြင်း အခမ်းအနားကို မကြာသေးမီက မြန်မာနိုင်ငံ မြို့တော်နေပြည်တော်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ သက်ဆိုင်ရာအစိုးရဌာန၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး အသင်းချုပ်များ၊ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ်များ စသည်ဖြင့် လူဦးရေ ၁၇၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားက ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီများသည် ပထမဆုံးအကြိမ်အဖြစ် လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း (CSR) အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်ရာ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက်နှင့် တိုက်ဆိုင်လျက်ရှိသောကြောင့် အနက်အဓိပ္ပာယ်လေးနက်ကြီးမားကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် နှစ်နိုင်ငံက “ရပ်ဝန်းနှင့် ပိုးလမ်းမ” မူဘောင်အောက်တွင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်လုပ်ငန်းကုမ္ပဏီများက လက်တွေ့လှုပ်ရှားမှုဖြင့် လူမှုရေးတာဝန်များကို ထမ်းဆောင်ပြီး ဒေသတွင်းလူမှုအသိုက်အဝန်းအား ပြန်လည်အကျိုးပြုခဲ့ရာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်အား စဉ်ဆက်မပြတ် နက်ရှိုင်းလာစေရန် လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်က တရုတ်လုပ်ငန်းကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အထူးသဖြင့် အခြေခံအဆောက်အဦ တည်ဆောက်မှု၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ ကျန်းမာရေးကုသမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ငလျင်ကူညီကယ်ဆယ်ရေး စသည့် ကဏ္ဍများ၌ အကျိုးထမ်းဆောင်မှုများကို ချီးကျူးတန်ဖိုးထား၍ ကျေးဇူးတင်ရှိကြောင်း၊၊ ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် တရုတ်လုပ်ငန်း ကုမ္ပဏီများအတွက် ကောင်းမွန်သော စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင် ဆက်လက်ဖန်တီးပေးကာ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား အဆက်မပြတ် နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။