လူသားမျိုးနွယ် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ကျယ်ပြန့်သော သဘောတူညီမှု စုစည်းကာ အားကောင်းသော စွမ်းအား ဖြည့်တင်းပေးမည်ဟု သမ္မတ ရှီကျင့်ဖိန် အရေးကြီးမိန့်ခွန်းပြောကြား

Xinhua, September 8, 2025
Size:

တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အရေးကြီး မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားအား တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန်ရင်ပြင်၌ စက်တင်ဘာ ၃ ရက်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ရာ သမ္မတ ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်း ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းတွင် ခက်ခဲကြမ်းတမ်းသော တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ သမိုင်းကို ပြန်လည်အောက်မေ့ခဲ့ပြီး တရုတ်နိုင်ငံ ခုခံတော်လှန်ရေးစစ်ပွဲက လူသားမျိုးနွယ်ယဉ်ကျေးမှုကို ကယ်တင်ရန်နှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်ရန် အရေးပါသော ပံ့ပိုးမှုပေးများ ဆောင်ရွက်ခဲ့ကြောင်း ညွှန်ပြကာ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို စွဲစွဲမြဲမြဲလျှောက်လှမ်းမည့်၊ နိုင်ငံအသီးသီး ပြည်သူများနှင့် လက်တွဲကာ လူသားမျိုးနွယ် အေးအတူပူအမျှ ဖွဲ့စည်းတည်ဆောက်မည့် ခိုင်မာသော သန္နိဋ္ဌာန်ကို ကြေညာခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းများသည် လူသားမျိုးနွယ် အနာဂတ် ကံကြမ္မာအပေါ် အာရုံစိုက်ပြီး ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ တာဝန်ယူမှုရှိသော နိုင်ငံကြီးအနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး အရေးကိစ္စများအပေါ် နက်ရှိုင်းသောအတွေးအခေါ်ကို ပြသနေကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် သမိုင်းမှသင်ခန်းစာယူကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ မြှင့်တင်ပြီး လူသားမျိုးနွယ်အတွက် ပိုမိုကောင်းမွန်သောအနာဂတ်ကို အတူတကွဖန်တီးသင့်ကြောင်း နိုင်ငံအများအပြားမှ နိုင်ငံရေးပါတီ၊ နိုင်ငံရေးပုဂ္ဂိုလ်များ၊ ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် ပင်လယ်ရပ်ခြားမှ တရုတ်လူမျိုး၊ တရုတ်နွယ်ဖွားများ စသည်တို့က ပြောကြားခဲ့သည်။

“သမ္မတ ရှီကျင့်ဖိန်ရဲ့ မိန့်ခွန်းက တရုတ်နိုင်ငံရဲ့ ခုခံတော်လှန်ရေးစစ်ပွဲ သမိုင်းအပေါ် နက်ရှိုင်းတဲ့ မှတ်သားထားမှုကို ပေါ်လွင်စေရုံသာမက နိုင်ငံကြီးတစ်နိုင်ငံရဲ့ လူသားမျိုးနွယ် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဂရုပြုတဲ့ ကျယ်ပြန့်တဲ့အမြင်နဲ့ အများကိုဂရုပြုတတ်သော စိတ်ထားကို ထင်ဟပ်စေပါတယ်” ၊ “တရုတ်နိုင်ငံက ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်မှုအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်” ဟု ထိုင်းနိုင်ငံ  အာရှ-ပစိဖိတ် Think Tank ဌာနမှူး ဗီလန် ဖီချာဝန်ဖက်က ဆိုသည်။

“ကျွန်တော်တို့ သမိုင်းကို မဖြစ်မနေ မှတ်သားထားရပါမယ်” ၊ “အကြမ်းဖက်မှုနဲ့ စစ်ပွဲက သယ်ဆောင်လာတဲ့ ပေးဆပ်ရမှုတန်ဖိုးကို ကျွန်တော်တို့ လုံးဝမေ့လျော့သွားလို့ မရသလို ငြိမ်းချမ်းရေးနဲ့ စည်ပင်ဝပြောမှုကို ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ရှုမြင်လို့ မရပါဘူး” ဟု စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် Gam Kin Yong က အထိမ်းအမှတ် အခမ်းအနား တက်ရောက်ပြီးနောက် လူမှုမီဒီယာ၌ ပို့စ်ရေးသားဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံ Yamaguchi တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခနှင့် သမိုင်းပညာရှင် Atsushi Koketsu က သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းသည် သမိုင်းမှသင်ခန်းစာယူခြင်း၏ အရေးကြီးပုံကို ထပ်မံ အလေးထားဖော်ပြခဲ့ပြီး မိမိတို့ ထမ်းဆောင်ရမည့်တာဝန်ကို ထင်ဟပ်စေကြောင်း၊ သမိုင်းသည် မှန်တစ်ချပ်ဖြစ်ပြီး သမိုင်းအမှားများကို မှန်ကန်စွာ ရှုမြင်ခြင်းမရှိသောနိုင်ငံသည် တူညီသောအမှားကို နောက်တစ်ကြိမ် ပြုလုပ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။ “သမ္မတ ရှီကျင့်ဖိန်ရဲ့ မိန့်ခွန်းက ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းဟာ လူထု နှလုံးသားရဲ့ ဦးတည်ရာဖြစ်တယ်ဆိုတာ ရောင်ပြန်ဟပ်နေပါတယ်၊ နိုင်ငံအသီးသီးအနေနဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုပေးသင့်တယ်” ဟု ၎င်းကပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ ဆော်ပိုလိုပြည်နယ် တက္ကသိုလ်မှ စီးပွားရေးနှင့် နိုင်ငံတကာ လေ့လာရေးဌာန ညွှန်ကြားရေးမှူး မားကို့စ် ပီရက်စ်က “ဘုံလုံခြုံရေး ထိန်းသိမ်းကာကွယ်ခြင်း”၊ “စစ်ပွဲ အရင်းအမြစ်များ ဖယ်ရှားခြင်း” တို့နှင့် စပ်လျဉ်း၍ နက်ရှိုင်းသော စိတ်ခံစားမှုရှိကြောင်း၊ ဒုတိယကမ္ဘာစစ် အဆုံးသတ်ပြီးနောက် နှစ် ၈၀ ပြည့်သည့် ယနေ့ခေတ်တွင် တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးကာကွယ်ရေးဝါဒနှင့် အစွန်းရောက် အမျိုးသားရေးဝါဒများ ပြန်လည်ဦးမော့လာခြင်းကို ရင်ဆိုင်ရချိန်၌ နိုင်ငံအသီးသီးအနေဖြင့် သမိုင်း သင်ခန်းစာများကို ခိုင်မာစွာ မှတ်သားထားရမည်ဖြစ်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ခိုင်ခိုင်မာမာ လက်ကိုင်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းကာကွယ်ပြီး စစ်ပွဲ၏အမှားများ ထပ်မံဖြစ်ပွားလာခြင်းကို ရှောင်ရှားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သမ္မတ ရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်း ပြောကြားရာမှာ ‘တရုတ် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ကို တားဆီး၍ ရမည်မဟုတ်ပေ’၊ ‘လူသားမျိုးနွယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြီးမြတ်သည့်လုပ်ငန်းမှာ မုချမသွေ အောင်မြင်မည်’ ဟု အလေးထား ပြောကြားခဲ့တာ ကျွန်တော် မျက်ရည်ဝဲ ပီတိဖြစ်ရပါတယ်” ဟူ၍ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ လျင်ဝန်မုန့်က အထိမ်းအမှတ်အခမ်းအနား တက်ရောက်ပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ဒီမိမိကိုယ်ကိုယုံကြည်မှုနဲ့ သူရသတ္တိရှိတဲ့ အပြုအမူက ကျွန်တော်တို့ ပင်လယ်ရပ်ခြားက တရုတ်လူမျိုးတွေကို ပိုပြီးမားမားမတ်မတ်ဖြစ်စေတယ်၊ ယုံကြည်မှု ပိုရှိစေတယ်။ ကျွန်တော်တို့အနေနဲ့ ပေါင်းကူးတံတားအခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဆောင်ရွက်ကာ တရုတ် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းပိုးဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

1  2  >