သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် မိတ်ဆွေများနှင့် အိမ်နီးချင်းချစ်ကြည်ရင်းနှီးမှုများကို မည်ကဲ့သို့ခိုင်မာစေသနည်း

Xinhua, September 5, 2025
Size:

ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၊ ၂၄ ကြိမ်မြောက် ခေါင်းဆောင်များကောင်စီအစည်းအဝေး တက်ရောက်လာကြသည့် ခေါင်းဆောင်များနှင့် အဖွဲ့လိုက်မှတ်တမ်းဓာတ်ပုံရိုက်ကူးနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့လယ်ရှိ ခမ်းနားထည်ဝါသည့် ပြည်သူ့ခန်းမဆောင်ရှိ ဖူကျန့်ခန်းမ၌ သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်တန်းသံတမန်များနှင့် အမြဲတမ်းအခြေစိုက်အဖွဲ့အစည်းများ၏ တာဝန်ရှိသူများကို ဇူလိုင် ၁၅ ရက်က လက်ခံတွေ့ဆုံခဲ့သည်။
“တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံများသံတမန်ရေးမှာ SCO ကို ထိပ်တန်းဦးစားပေးနေရာမှာ အစဉ်အမြဲထားရှိပြီး စဉ်ဆက်မပြတ် ပိုမိုခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းဖြစ်ရေးကို အားထုတ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရှီက ယင်းအစည်းအဝေး၌ အလေးထားပြောခဲ့သည်။ ထိုသို့ ကတိပြုမှုမှာ SCO စင်မြင့်ထက်ဝယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဆက်ဆံရေးအား ပိုမိုအားပေးမြှင့်တင်ရန် တရုတ်နိုင်ငံ၏ နှစ်‌ပေါင်းများစွာ မနားမနေကြိုးပမ်းဆောင်ရွက်မှုအား ထပ်လောင်းဖော်ပြခြင်းလည်း ဖြစ်သည်။
ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ဇွန်လက သွားရောက်ခဲ့သည့်ခရီးစဉ်၌ သမ္မတ ရှီ အသေးစိတ်ပြောကြားခဲ့သော တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမူဝါဒမှာ ချစ်ကြည်သင့်မြတ်သော၊ စိတ်ချရသော၊ သာယာဝပြောသော အိမ်နီးချင်းဆက်ဆံရေးဖြစ်ပြီး ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်းကို အခိုင်အမာ စိတ်နှစ်မြှုပ်ထားခြင်းတို့ ပါဝင်သည်။
လာမည့်ရက်အတွင်း သမ္မတ ရှီက တရုတ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော ထျန်းကျင်းမြို့တွင် ယခုနှစ်၏ SCO ထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပမည်ဖြစ်ကာ ၎င်းနှင့် SCO အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များက ဒေသတွင်း လုံခြုံရေးနှင့် သာယာဝပြောရေးကို ကြီးမားစွာမြှင့်တင်ဆောင်ရွက်ရေးအတွက် မဟာဗျူဟာများ ရေးဆွဲကြမည်ဖြစ်ပြီး ပိုမိုနီးကပ်သော SCO အေးအတူပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေးအတွက် ခိုင်မာသောအဆင့်များ ချမှတ်ဆောင်ရွက်ကြမည် ဖြစ်သည်။

အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်းများ၏ ချစ်ကြည်ရင်းနှီးမှု

ယခုနှစ်အတွင်း သမ္မတ ရှီသည် ပြည်ပခရီးစဉ်သုံးခု သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်များအနက် နှစ်ခုမှာ ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံဖြစ်ပြီး အဆိုပါ နှစ်နိုင်ငံလုံးက SCO အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်။
ဒုတိယအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ ဇွန်လခရီးစဉ်အဖြစ် အက်စ်တာနာမြို့သို့ ရောက်ရှိစဉ် သမ္မတ ရှီသည် မိတ်ဆွေဟောင်းဖြစ်သော ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ်၏ နွေးထွေးစွာကြိုဆိုခြင်းခံခဲ့ရသည်။ ထိုခရီးစဉ်သည် ရှီက တရုတ်နိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှစ၍ အိမ်နီးချင်း ကာဇက်စတန်နိုင်ငံသို့ ဆဋ္ဌမအကြိမ်မြောက် သွားရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။
တရုတ်-ဗဟိုအာရှထိပ်သီးအစည်းအဝေးသည် ရှေးခေတ်ပိုးလမ်းမတစ်လျှောက်ရှိ ကုန်းတွင်းပိတ်အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးအတွက် ပံ့ပိုးစီစဉ်ထားခြင်း ဖြစ်သည်။
“ဗဟိုအာရှ ဆိုရိုးစကားနဲ့နှိုင်းယှဉ်ပြောရရင် သဟဇာတဖြစ်မှုနဲ့ စည်းလုံးမှုက ပျော်ရွှင်မှုနဲ့ ကြွယ်ဝမှုပါပဲ” ဟု ရှီက တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။ “မိမိတို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ ကောင်းကောင်းမွန်မွန်ရှိဖို့ အစဉ်အမြဲ ဆန္ဒရှိပါတယ်”
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အိမ်နီးချင်းအများဆုံးရှိသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ ဆယ်စုနှစ်များအတွင်း ၎င်း၏ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုနီးကပ်သောမိတ်ဖက်ဆက်ဆံရေး တိုးမြှင့်လာခြင်းက ပေကျင်း၏ နိုင်ငံခြားရေးမူဝါဒအခင်းအကျင်း၌ အခြေခံတစ်ရပ်အဖြစ် တည်ရှိသည်။ ရှီသည် ငြိမ်းချမ်း၍ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းပတ်ဝန်းကျင် ပျိုးထောင်မှုကို အထူးသဖြင့်အာရုံစိုက် ဆောင်ရွက်လျက်ရှိပေသည်။
တရုတ်နိုင်ငံ အကြီးအကဲခေါင်းဆောင်အဖြစ် ပထမဆုံးရွေးကောက်တင်မြှောက်ခံရချိန် ၂၀၁၃ ခုနှစ်ကို ပြန်လည်အောက်မေ့ကြည့်ရှုပါက ရှီသည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ သံတမန်ဆက်ဆံရေး အစည်းအဝေးအတွင်း “ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း” ဟူသော မူဝါဒကို အဆိုပြုခဲ့ကြောင်းနှင့် ထိုအစည်းအဝေးမျိုးမှာ ၁၉၄၉ ခုနှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ချိန်မှစ၍ ပထမဆုံးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပေကျင်းမြို့တွင် ဧပြီလက ကျင်းပခဲ့သည့် အိမ်နီးချင်းနိုင်ငံများနှင့် စပ်လျဉ်းသော လုပ်ငန်းဆောင်တာ ဗဟိုအစည်းအဝေးတွင်လည်း ရှီက အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှ အသိုက်အဝန်း တစ်ရပ် တည်ဆောက်ရေးကိုလည်း တိုက်တွန်းခဲ့သည်။
သင့်မြတ်၍ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းရှိခြင်းက SCO စင်မြင့်ထက်ဝယ် သမ္မတရှီ၏ အစီအစဉ်၌ ခိုင်မြဲသောရည်ရွယ်ချက်ပင် ဖြစ်သည်။ ၎င်း၏ ပထမဆုံး SCO အစည်းအဝေးဖြစ်သော ၂၀၁၃ ခုနှစ် ဘစ်ရှ်ကက်ထိပ်သီးအစည်းအဝေး အတွင်း ရှီက SCO အဖွဲ့ဝင်နိုင်ငံများအကြား ကာလရှည် အိမ်နီးချင်းကောင်းရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အား လေးလေးနက်နက် အကောင်အထည်ဖော်ရေးကို အဆိုပြုခဲ့သည်။ ရှီက သဘောတူညီချက်နှင့် SCO ပဋိညာဉ်စာတမ်းကို “SCO အဖွဲ့ဝင်နိုင်ငံ၏ လုပ်ငန်းများအတွက် မူဝါဒများချမှတ်ခြင်းနှင့် လမ်းညွှန်ချက်ပေးခြင်း” ဟူ၍ စာချုပ်စာတမ်းနှစ်ခုအဖြစ် ဖော်ပြခဲ့သည်။
နောက်ပိုင်းနှစ်များတွင်မူ တရုတ်နိုင်ငံခေါင်းဆောင် ရှီသည် ထူထောင်နှင့်ပြီးသား SCO အိမ်နီးချင်းကောင်း သဘောတူစာချုပ် အကောင်အထည်ဖော်ရန် ၂၀၁၈-၂၀၂၂ လုပ်ငန်းအစီအစဉ်တစ်ရပ်အား အဆိုပြုခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ကျင်းပသော အထင်ကရ ချင်းသောင်ထိပ်သီးအစည်းအဝေး၌ ယင်းအား အတည်ပြုရန် တိုက်တွန်းအားပေးခဲ့သည်။ ထိုအစည်းအဝေးမှာ တရုတ်နိုင်ငံတွင် ရှီက ပထမဆုံးလက်ခံကျင်းပသော SCO ထိပ်သီးအစည်းအဝေးလည်း ဖြစ်သည်။ သဘောတူညီချက် အကောင်အထည်ဖော်ရေးဆိုင်ရာ ၂၀၂၃-၂၀၂၇ ဘက်စုံစီမံချက်ကို ဥဇဘက်ကစ္စတန်နိုင်ငံ ဆမာခန်းမြို့တွင် ၂၀၂၂ ခုနှစ်က အတည်ပြုခဲ့သည်။
မဟာမိတ်များဖွဲ့ခြင်း သို့မဟုတ် အခြားသူအား ပစ်မှတ်ထားခြင်းမရှိသော SCO သည် ပွင့်လင်းမှုနှင့် အားလုံးပါဝင်မှုကို ခိုင်မာစွာ လက်ကိုင်ထားပေသည်။ ရှီ၏ ကိုယ်ပိုင်သုံးနှုန်းလေ့ရှိသောစကားဖြင့်ဆိုရလျှင် ယင်းသည် “မိသားစုကြီး” ကဲ့သို့ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံသည် SCO ၏ တည်ထောင်သူအဖွဲ့ဝင်များ၊ မိတ်ဖက်နိုင်ငံအသစ်များနှင့် နည်းတူ နက်ရှိုင်းသောဆက်ဆံရေး ထားရှိကြောင်း သိရသည်။ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်အကျိုးပြုမှု၊ သာတူညီမျှမှု၊ ဆွေးနွေးညှိနှိုင်းမှု၊ ယဉ်ကျေးမှုအမျိုးမျိုးအား လေးစားမှုရှိသော၊ ဘုံဖွံ့ဖြိုးတိုးတက်မှုအား လျှောက်လှမ်းသော ရှန်ဟိုင်းစိတ်ဓာတ် လမ်းညွှန်မှုအောက်တွင် SCO သည် ကမ္ဘာပေါ်၌ ပထဝီအနေအထားလွှမ်းခြုံမှု ကျယ်ပြန့်ပြီး လူဦးရေအများဆုံးရှိသည့် ဒေသတွင်းဘက်စုံအဖွဲ့အစည်းတစ်ခုအဖြစ် ကြီးထွားလျက်ရှိကာ အဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူနိုင်ငံ နှစ်နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံအထိ စုစည်းထားနိုင်ခဲ့သည်။
ဘီလာရုစ်နိုင်ငံသည် ယမန်နှစ် အက်စ်တာနာထိပ်သီးအစည်းအဝေး၌ SCO ၏ ၁၀ နိုင်ငံမြောက် တရားဝင်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ ဇွန်လတွင်မူ ရှီက ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုအား ပေကျင်းမြို့ရှိ ကျုံးနန်ဟိုင်တွင် လက်ခံတွေ့ဆုံခဲ့သည်။ လူကာရှန်ကိုက ၎င်းအနေဖြင့် တရုတ်နိုင်ငံက ပို့သသည့် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ဧကန်ခံစားမိကြောင်း ၎င်း၏ခရီးစဉ်အတွင်း သမ္မတ ရှီအား ပြောကြားခဲ့သည်။
ယင်းမှာ SCO ခေါင်းဆောင်များနှင့် ရှီ၏ ပုံမှန်အပြန်အလှန်ဆက်ဆံမှုများ၏ သာဓကတစ်ခုမျှသာ ဖြစ်သည်။ ၂၀၂၃ ခုနှစ်မှစ၍ ရှီသည် SCO အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအား SCO ထိပ်သီးအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများတွင်လည်းကောင်း၊ အခြားနိုင်ငံစုံ တွေ့ဆုံဆွေးနွေးပွဲများတွင်လည်းကောင်း၊ ၎င်းတို့၏ တရုတ်နိုင်ငံ ခရီးစဉ်အသီးသီးတွင်လည်းကောင်း အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့သည်။ အဆိုပါ အဆင့်မြင့်အလွှာ တွေ့ဆုံမှုများသည် SCO အတွင်း ဆွေးနွေးညှိနှိုင်းမှုကို အားကောင်းလာစေသည်သာမက SCO ၏ ခေါင်းဆောင်များအကြား ပိုမိုနီးကပ်သော ပုဂ္ဂိုလ်ရေးသဟဇာတဖြစ်စေရန်လည်း အထောက်အကူပြုခဲ့သည်။
“ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကြားမှာ ပိုမိုအနီးကပ်စွာ ထိတွေ့ဆက်ဆံမှုက ရင်းနှီးမှုကို တိုးမြှင့်စေပါတယ်” ဟု ရှီက တစ်ခါက ပြောကြားခဲ့ဖူးသည်။

မျှဝေမှုရှိသော ငြိမ်းချမ်းရေးမိသားစုဥယျာဉ်

နှစ်ပတ်လည်အစည်းအဝေးအတွက် ယမန်နှစ် ဇူလိုင်လက အက်စ်တာနာမြို့သို့ SCO ခေါင်းဆောင်များ ရောက်ရှိလာချိန်တွင် လွတ်လပ်ရေးနန်းတော်၏ ခမ်းနားထည်ဝါသော အပြာရောင်ဖန်သားပြင် အဆောက်အအုံမျက်နှာစာက နေရောင်အောက်တွင် လင်းလက်တောက်ပလျက်ရှိသည်။ ပထမဆုံးအကြိမ် “SCO Plus” အစည်းအဝေးတွင် သမ္မတ ရှီပြောကြားခဲ့သည့် မိန့်ခွန်း၌ ဦးစားပေးအချက် ငါးချက်အနက် “ငြိမ်းချမ်း၍ တည်ငြိမ်သော ဘုံမိသားစုဥယျာဉ်” ဖွဲ့စည်းထူထောင်မှုအပါအဝင် ပိုမိုလှပသော SCO မိသားစုနေအိမ် တည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။
SCO သည် ဗဟိုအာရှနှင့် ကပ်လျက်ဒေသများတွင် အန္တရာယ်ရှိသော ခြိမ်းခြောက်မှုများဖြစ်သည့် “အန္တရာယ်ရှိသော အင်အားစုသုံးရပ်” ဖြစ်သော အကြမ်းဖက်ဝါဒ၊ ခွဲထွက်ရေးဝါဒနှင့် အစွန်းရောက်ဝါဒ၏ စိုးရိမ်ဖွယ် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့ရချိန် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကျော်ကာလက ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ် SCO တည်ထောင်ချိန်မှစ၍ ဒေသတွင်း လုံခြုံရေးအား ပူးပေါင်းဆောင်ရွက်မှု၏ အဓိကအစိတ်အပိုင်းအဖြစ် အစဉ်အမြဲ ထိန်းသိမ်းထားလျက်ရှိသည်။
“လုံခြုံရေးက နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သလို ဘေးကင်းလုံခြုံမှုကလည်း ပြည်သူများ ပျော်ရွှင်မှုရဖို့အတွက် အသက်သွေးကြောလည်း ဖြစ်တယ်” ဟု ရှီက အက်စ်တာနာမြို့တွင် ပြောကြားခဲ့သည်။
နှစ်များစွာအတွင်း SCO အဖွဲ့ဝင်နိုင်ငံများ လုံခြုံရေးအကာအကွယ်ခိုင်မာစေရန်အတွက် တရုတ်နိုင်ငံ ခေါင်းဆောင်က လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရေးကို အစဉ်တစိုက် အဆိုပြုခဲ့သည်။ ၂၀၁၄ ခုနှစ် SCO ဒူရှန်ဘီ ထိပ်သီးအစည်းအဝေးတွင် ရှီက အကြမ်းဖက်မှုတုံ့ပြန်ရေးဆိုင်ရာ SCO ကွန်ဗင်းရှင်းကို ဆွေးနွေးညှိနှိုင်းရန်နှင့် လက်မှတ်ရေးထိုးရန် အဆိုပြုခဲ့သည်။ ၂၀၁၇ ခုနှစ်တွင်မူ ထိုကွန်ဗင်းရှင်းအား အဖွဲ့ဝင်နိုင်ငံများက အက်စ်တာနာမြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
SCO အနေဖြင့် မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ ရာဇဝတ်ဂိုဏ်းများနှင့် ဆိုက်ဘာအကြမ်းဖက်မှု တိုက်ဖျက်ရေးများကိုလည်း တရုတ်ခေါင်းဆောင်က အခိုင်အမာ အားပေးပံ့ပိုးခဲ့သည့်အတွက် သိသာထင်ရှားသော အောင်မြင်မှုများကို ရရှိခဲ့သည်။
မူးယစ်ဆေးဝါးကုန်ကူးမှု တိုက်ဖျက်ရာ၌ SCO အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးများကို စနစ်တကျ စီစဉ်လုပ်ဆောင်ကာ အဖွဲ့၏ မူးယစ်နှိမ်နင်းရေး မဟာဗျူဟာကိုလည်း ငါးနှစ်တိုင်တိုင် တိုးချဲ့ဖော်ဆောင်ခဲ့သည်။ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအနေဖြင့် SCO အဖွဲ့ဝင်များသည် ယခုလ အစောပိုင်းက “ပင့်ကူအိမ်” ဟု အမည်ပေးထားသည့် မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ရာ တရုတ်နိုင်ငံက ညှိနှိုင်းကွပ်ကဲရေး ဌာနချုပ်အား ဦးဆောင်ကြီးကြပ်ခဲ့သည်။ ထိုစစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါး ၁၀ တန်နီးပါးကို ဖမ်းဆီးနိုင်ခဲ့ကာ တရားမဝင် မူးယစ်ဆေးဝါးကုန်ကူးမှုနှင့် ဆက်စပ်နေသည့် အမှုအခင်း ၁,၁၅၁ မှုကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။
သမ္မတရှီအနေဖြင့် SCO အဖွဲ့၌သာမက ဒေသတွင်း၌လည်း အခြားသော ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းများမှတစ်ဆင့် ဒေသတွင်း ဘုံလုံခြုံမှုရှိရေး မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိကာ “သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မျှော်မှန်းချက်မှာ တရုတ်နိုင်ငံ အိမ်နီးချင်းသံတမန်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သည်” ဟု အခိုင်အမာပြောကြားထားသည်။
အာရှဒေသ အပြန်အလှန်အကျိုးပြုရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများဆိုင်ရာ ဆွေးနွေးပွဲ၏ ၂၀၁၄ ခုနှစ် ရှန်ဟိုင်းထိပ်သီးအစည်းအဝေး၌ ရှီက အတူတကွ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေး မျှော်မှန်းချက်ကို အဆိုပြုခဲ့သည်။ တရုတ်နိုင်ငံက ကမ္ဘာ့လုံခြုံရေးစီမံခန့်ခွဲမှုကို မြှင့်တင်ပေးမည့် လူထုအကျိုးပြု အစီအစဉ်တစ်ရပ်အဖြစ် ရှုမြင်ထားသည့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်အား ရှီက ၂၀၂၂ ခုနှစ် အာရှဒေသဆိုင်ရာ နှစ်ပတ်လည်ဆွေးနွေးပွဲ ဘိုးအောက်ဖိုရမ်၌ အဆိုပြုတင်သွင်းခဲ့သည်။
“SCO မူဘောင်ထဲကနေ ဗဟိုအာရှဒေသ လုံခြုံရေးကို တိုးမြှင့်ရာမှာ တရုတ်နိုင်ငံက အရေးပါတဲ့ ဦးဆောင်မှုအခန်းကဏ္ဍကနေ မုချ ပါဝင်နေပါတယ်” ဟု ဥဇဘက်ကစ္စတန်နိုင်ငံရှိ ကမ္ဘာ့စီးပွားရေးနှင့် သံတမန်ရေး တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သူ အဇာမက် ဆီးတော့ဗ်က ဆိုသည်။
“တရုတ်နိုင်ငံရဲ့ အဆိုပြုချက်တွေဟာ ဒေသတွင်း တည်ငြိမ်မှု၊ စီးပွားရေးတိုးတက်မှု ခိုင်မာစေဖို့နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို လျှော့ချဖို့အတွက် အထောက်အကူပေးပါတယ်” ဟု ဆီးတော့ဗ်က ပြောသည်။
အပြန်အလှန် ကူးလူးချိတ်ဆက်ထားသော မျက်မှောက်ကမ္ဘာတွင် ဒေသတွင်း တင်းမာမှုများနှင့် ရေရာသေချာမှုမရှိသော လုံခြုံရေးပတ်ဝန်းကျင်တို့အကြား ငြိမ်းချမ်းမှုဆိုသည်မှာ ထိလွယ်ရှလွယ်ရှိဆဲဖြစ်သည်။ ယခုနှစ်မှာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ သို့မဟုတ် ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဖြစ်ရာ ရှီက ယခုနှစ် မေလအတွင်း မော်စကိုမြို့သို့ သွားရောက်ကာ ရင်ပြင်နီ၌ ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်၏ နာကျင်ဖွယ် သင်ခန်းစာများကို ဘယ်သောအခါမှ မေ့ပျောက်မသွားသင့်ကြောင်း ရှီက ထောက်ပြပြောဆိုခဲ့ဖူးသည်။ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ ပြီးဆုံးမှု နှစ် ၇၀ ပြည့်မြောက်ခဲ့သည့် ၂၀၁၅ ခုနှစ်က ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် SCO Ufa ထိပ်သီးအစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ရှီက SCO အဖွဲ့ဝင်နိုင်ငံအားလုံးမှာ ဒုတိယကမ္ဘာစစ် စစ်မက်မီးလျှံနှင့် သွေးမြေကျမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုဖြင့် အပြီးသတ် အောင်ပွဲရယူနိုင်စေရန် အကျိုးဆောင်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးအပြီး၌ ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် ရှီနှင့် အစည်းအဝေး တက်ရောက်လာသည့် အခြား နိုင်ငံ့ခေါင်းဆောင်များက ကမ္ဘာ့နိုင်ငံအားလုံး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေးနက်ခိုင်မာစွာ တိုက်တွန်းခဲ့ကြသည်။
“မိမိတို့ရဲ့ အိမ်ရှေ့တံခါးပေါက်မှာ ငြိမ်းချမ်းသာယာတဲ့ ပတ်ဝန်းကျင်တစ်ခု ရှိနေတော့မှ ကိုယ်စီကိုယ်ငှ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အေးအေးချမ်းချမ်း လုပ်ဆောင်နိုင်ပါလိမ့်မယ်” ဟု ရှီက မှတ်ချက်ပြုခဲ့ဖူးသည်။

ကြွယ်ဝချမ်းသာမှု အသီးအပွင့်များ

ယမန်နှစ်တွင် တရုတ်နိုင်ငံက ကာဇက်စတန်နိုင်ငံထံမှ SCO အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူခဲ့ချိန်တွင် ရှီက “SCO Plus” အစည်းအဝေး၌ ၂၀၂၅ ခုနှစ်အား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှစ်အဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ရှီက ပူးပေါင်းဆောင်မှု စီမံချက်များနှင့် အဆိုပြုချက် အသီးသီးဖြင့် SCO ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် အလေးအနက်ပြောကြားခဲ့သည်။ “စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ လူသားအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကာ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ ရေရှည်တည်တံ့သည်” ဟု ရှီက ရှုမြင်ထားသည်။
၂၀၁၉ ခုနှစ်က ဘစ်ရှ်ကက်မြို့၌ ကျင်းပသည့် SCO ထိပ်သီးအစည်းအဝေး၌ ရှီက SCO အား အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှု စံနမူနာအဖြစ် ဖော်ဆောင်ရန် ခိုင်မာသေချာသော ဆောင်ရွက်မှုအဖြစ် တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေး နည်းပညာ ဖလှယ်ရေးနှင့် သင်တန်းပို့ချရေးအတွက် SCO သရုပ်ပြစခန်း တည်ဆောက်မည့် အဆိုပြုချက်အား ကြေညာခဲ့သည်။
ထို့နောက် တစ်နှစ်အကြာတွင် ခရိုင်အဆင့်မြို့ကြီးဖြစ်သည့် ယန်လျင်၌ ဖွင့်လှစ်ခဲ့သည့် SCO သရုပ်ပြစခန်းမှာ ကုန်သွယ်မှု၊ လူရည်ချွန်ပျိုးထောင်မှုနှင့် နည်းပညာဆိုင်ရာ ကူးလူးဖလှယ်မှုအတွက် ဗဟိုချက်နေရာ ဖြစ်လာခဲ့သည်။ ယင်းသရုပ်ပြစခန်းက SCO အဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တာဝန်ရှိသူနှင့် ကျွမ်းကျင်ပညာရှင် ၂,၀၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ကာ ယင်းနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကြိုးပမ်းအားထုတ်မှုများကို အားဖြည့်ပံ့ပိုးနိုင်ခဲ့သည်။
ဆန်ရှီးပြည်နယ် ရှီးအန်းမြို့၌ မေလအတွင်းက SCO ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကျင်းပခဲ့စဉ်ကလည်း ရှီက ယင်းဖိုရမ်သို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။ ယင်းသဝဏ်လွှာက ဆင်းရဲနွမ်းပါးမှု ကင်းစင်သော သာယာလှပသည့် ကမ္ဘာကြီးတစ်ခုကို သက်ဆိုင်ရာနိုင်ငံအားလုံးနှင့် အတူတကွ တည်ဆောက်မည်ဟူသော တရုတ်နိုင်ငံ၏ သန္နိဋ္ဌာန်ကို ထင်ဟပ်စေသည်ဟု ဖိုရမ်တက်ရောက်လာသည့် SCO အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
ထိုအတောအတွင်း ရှီက ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်ကဲ့သို့ ၎င်းအဆိုပြုထားသည့် ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်များကို SCO နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများနှင့် ချိတ်ဆက်ခဲ့သည်။
ကာဂျစ္စတန်နိုင်ငံတွင် ယမန်နှစ်နှောင်းပိုင်းက တရားဝင်ဖွင့်လှစ်ခဲ့သည့် တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန် ရထားလမ်း စီမံကိန်းမှာ SCO အဖွဲ့ဝင်နိုင်ငံများအကြား ရပ်ဝန်းနှင့်ပိုးလမ်းမ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာတစ်ခုပင်ဖြစ်သည်။ ရှီနှင့် ဗဟိုအာရှနှစ်နိုင်ငံ၏ ခေါင်းဆောင်နှစ်ဦးတို့ ကိုယ်တိုင်ကိုယ်ကျ ဖော်ဆောင်ခဲ့သည့် အဆိုပါ ရထားလမ်းမှာ တရုတ်နိုင်ငံနှင့် ဗဟိုအာရှဒေသကို ချိတ်ဆက်ပေးသည့် မဟာဗျူဟာမြောက် စင်္ကြံလမ်းတစ်ခု ဖြစ်လာခဲ့ကာ ဒေသတွင်း ကူးလူးဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးတို့ကိုသာမက ပြည်သူအချင်းချင်းကြားက သံယောဇဉ်ကိုလည်း ပိုမိုခိုင်မာနက်ရှိုင်းစေခဲ့သည်။
တရုတ်နိုင်ငံနှင့် SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏမှာ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၉၀ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ကာ တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ၏ ၁၄.၄ ရာခိုင်နှုန်းခန့်ရှိကြောင်း တရားဝင် ကိန်းဂဏန်းများအရ သိရသည်။
“အိမ်နီးချင်းနိုင်ငံတွေနဲ့ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ သဘောတရား အယူအဆ သက်သက်တင် မဟုတ်ပါဘူး။ အဲဒါက အပြန်အလှန်လေးစားမှုအပေါ် အခြေခံတဲ့ စဉ်ဆက်မပြတ် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်စီမံချက်တစ်ရပ်ပဲဖြစ်တယ်” ဟု ဒယ်လိုဗွိုင်း ကာဇက်စတန် သတင်းစာ၏ အယ်ဒီတာချုပ် ဆီရစ်ခ် ကော်ဇူမ်ဘာယက်ဗ်က ဆိုသည်။
ရှီ၏ အမြော်အမြင်များက SCO အဖွဲ့၏ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အနာဂတ်စီမံချက်အဖြစ် အကျိုးပြုလျက်ရှိသည်ဟု ကော်ဇူမ်ဘာယက်ဗ်က အလေးအနက်ပြောကြားခဲ့သည်။ “ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုတွေ၊ နိုင်ငံတကာအခင်းအကျင်းမှာ နက်နဲသိမ်မွေ့တဲ့ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး ခိုင်မာအောင်တည်ဆောက်ခြင်းက ဒေသတွင်း သာယာဝပြောမှုကို မြှင့်တင်ဖို့နဲ့ ပိုမိုတရားမျှတပြီး သမာသမတ်ကျတဲ့ ကမ္ဘာကြီးအဖြစ် ဖော်ဆောင်ဖို့ အလားအလာအသစ်တွေကို လမ်းဖွင့်ပေးပါလိမ့်မယ်” ဟု ကော်ဇူမ်ဘာယက်ဗ်က ဆိုသည်။
“အဲဒါနဲ့ပတ်သက်ပြီး SCO ဟာ ရှေ့ဆောင်အခန်းကဏ္ဍကနေ မုချပါဝင်နေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ကာဇက်စတန်နိုင်ငံ သမ္မတ ကက်ဆင်-ဂျိုမတ် တိုကာယက်ဗ်နှင့် အခြား အစိုးရအဆင့်မြင့်အရာရှိများက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်က ကြိုဆိုနေစဉ် (ဆင်ဟွာ )

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုတို့ တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ အိုရန်ဘာ့ဂ်မြို့တွင် သေနတ်ပစ်လေ့ကျင့်ရေးပြုလုပ်စဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အကြမ်းဖက်မှုတန်ပြန်စစ်ရေးလေ့ကျင့်မှုဖြစ်သော “ငြိမ်းချမ်းရေးမစ်ရှင် ၂၀၂၁” ဖွင့်ပွဲအခမ်းအနား၌ တရုတ်တပ်ဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်နေသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)