မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ဩဂုတ်လ ၂၆ ရက်နေ့တွင် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲနှင့် တတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ တရုတ်နှင့်မြန်မာနှစ်နိုင်ငံမီဒီယာ ၃၀ ကျော်နှင့် ပညာရှင်ကိုယ်စားလှယ်ပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး သံမှူးကြီး Dr. Zheng Zhihong မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
သံအမတ်ကြီး Ms. Ma Jia က ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံမှ ပံ့ပိုးကူညီပေးခဲ့မှုကို ပြန်လည်သုံးသပ်ပြီး ထိုင်ဝမ်ပြည်နယ် ပြန်လည်ပေါင်းစည်းရေးသည် ဒုတိယကမ္ဘာစစ်၏ အောင်မြင်မှုရလဒ်နှင့် စစ်ပြီးခေတ် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်၏ မှန်ကန်သောသမိုင်းအမြင်ကို ပြန့်ပွား၍ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းကို ကာကွယ်ကာ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွတည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားခဲ့ပါသည်။
ဒုတိယဝန်ကြီး ဦးရဲတင့်က မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်အမြဲထောက်ခံကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းအား လွှမ်းမိုးရေးဝါဒ (Hegemonism) နှင့် အင်အားကြီးနိုင်ငံရေး (Power politics)တို့ကို ဆန့်ကျင်၍ ကုလသမဂ္ဂ မူဘောင်အောက်တွင် ငြိမ်းချမ်းတည်ငြိမ်ပြီး ဖွံ့ဖြိုးသာယာလှပသည့်ကမ္ဘာကြီးကို အတူတကွ ကြိုးပမ်း တည်ဆောက်ကြရန် တိုက်တွန်းနှိုးဆော်ကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များသည် အရှေ့ပိုင်းအဓိက စစ်မြေပြင်၏ အရေးပါမှု၊ သမိုင်းအမှန်တရားကို ခိုင်မြဲစွာထိန်းသိမ်းခြင်း၊ ဖက်ဆစ်ဝါဒီ ကျူးကျော်စစ်အား တရုတ်-မြန်မာ ခုခံတွန်းလှန်ခဲ့သည့်သမိုင်းကိုလက်ဆင့်ကမ်းခြင်းနှင့် တရုတ်-မြန်မာ မီဒီယာပူးပေါင်းဆောင်ရွက်မှု စသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာဆွေးနွေးဖလှယ် ခဲ့ကြသည်။