သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ထျန်းကျင်းမြို့ရှိ ထျန်းကျင်းဧည့်ဂေဟာ၌ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်းအဝေးနှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန် ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုတွင် တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ယာယီ သမ္မတ မင်းအောင်လှိုင် နှင့်တွေ့ဆုံခဲ့ပါသည်။
ရှီကျင့်ဖိန်က မြန်မာနိုင်ငံသည် ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အရှေ့ခြမ်းစစ်နယ်၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အရေးပါသော ဆွေးနွေးဖက်နိုင်ငံဖြစ်ကြောင်း၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် ၇၅ နှစ်မြောက် ခြင်းကို အခွင့်အလမ်းအဖြစ်ယူပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေကာ၊ အေးအတူပူအမျှ ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးကို အရှိန်မြှင့် တွန်းအားပေးကာ၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော ချမ်းသာသုခကို ဆောင်ကြဉ်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအနေဖြင့် ကိုယ့်နိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်း အတိုင်း လျှောက်လှမ်းရန်၊ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရန် ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ မြေငလျင်နောက်ပိုင်း ပြန်လည်တည်ဆောက်ရေးနှင့် ပြည်သူများ၏ စားဝတ်နေရေး မြှင့်တင်ရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုရေးပြန်လည်ရရှိရန် ထောက်ခံပါကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ယာယီ သမ္မတ မင်းအောင်လှိုင်ကလည်း မြန်မာနှင့် တရုတ်နိုင်ငံတို့သည် လေးနက်သော ညီရင်းအစ်ကိုပမာ ချစ်ခင်ရင်းနှီးမှုနှင့် ငြိမ်းချမ်း တည်ငြိမ်ရေးအပေါ် ဘုံအကျိုးတူ ရှာဖွေမှုရှိကြကြောင်း၊ ကမ္ဘာ့ ဖက်ဆစ် တော်လှန် ရေးစစ်ပွဲ အောင်နိုင်ဖို့ အတွက် ကြီးမားစွာ စွမ်းဆောင်မှုပြုခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။
အဲဒီနောက် နှစ်ဦးနှစ်ဖက်တို့သည် အကောက်ခွန်နှင့် သတင်းရေးရာ နယ်ပယ်များတွင် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။