စွန့်ပစ်အမှိုက်များဖြင့် ပြုလုပ်ထားသော ကျောင်းသားများ၏ လက်မှုပစ္စည်းများကို တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ မိုးဖွဲလေးများရွာသွန်းလျက်ရှိသည့် နံနက်ခင်းတစ်ခုတွင် သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၁၅ အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းဝင်းအတွင်း အဖြူနှင့် အစိမ်း ဆင်တူကျောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၅၀ တို့သည် နေ့စဉ်စွန့်ပစ်အမှိုက်များဖြစ်သော စားကြွင်းစားကျန်များ၊ သစ်ရွက်များဖြင့် စနစ်တကျ မြေဆွေးပြုလုပ်ကာ ကျောင်းဥယျာဉ် ပြန်လည်ရှင်သန်အောင် မည်သို့ပြုလုပ်ရမည်ဆိုသည့်အချက်ကို ရှာဖွေဖော်ထုတ်ခဲ့ကြသည်။အဆိုပါ သင်ခန်းစာသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ စီစဉ်သည့် သဘာဝပတ်ဝန်းကျင် အသိပညာပေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး သြဂဲနစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုရန် လူမှုအသိုက်အဝန်းအား သင်ကြားပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Bokashi Myanmar နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
အမှတ် ၁၅ အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုထွေးက ကျောင်းတွင် အမှိုက်များခွဲခြားသည့်စနစ်အား ကျင့်သုံးဆောင်ရွက်ကြောင်း ပြောကြားခဲ့သည်။ “အမှိုက်တွေကို အမှိုက်အစို၊ အမှိုက်ခြောက်နဲ့ အန္တရာယ်ရှိတဲ့ အမှိုက်ဆိုပြီး အမှိုက်ပုံးသုံးမျိုး ခွဲထားပါတယ်” ဟုဆရာမကြီးက ရှင်းပြသည်။
Bokashi Myanmar မှ လေ့ကျင့်သင်ကြားပေးသူ မသီရိခင်က မြေဆွေးသင်တန်းကို ဦးဆောင်၍ သင်ကြားပို့ချခဲ့သည်။ “ကျွန်မတို့အနေနဲ့ နိုင်ငံတစ်ဝှမ်း မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ ကျောင်းတွေ၊ ဟိုတယ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ Community စင်တာတွေကိုပါ လေ့ကျင့်ပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။
“အမှိုက်တွေကို မမြင်ချင်ပါဘူး။ အပင်တွေပဲ မြင်ချင်ပါတယ်၊ ဒါကြောင့် အမှိုက်တွေကို မြေဆွေးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးတာပါ” ဟု မသီရိခင်ကပြောသည်။ကျောင်းသား၊ ကျောင်းသူများသည် အမှိုက်က မည်သို့တန်ဖိုးရှိသည်ဆိုသည့် ပေးချင်သော အချက်အလက်ကို လျင်မြန်စွာ နားလည်သဘောပေါက်ကြကြောင်း သိရသည်။ နေရာကျဉ်းကျဉ်းလေး ရှိရုံမျှနှင့် မြေဆွေး ပြုလုပ်ခြင်းအားဖြင့် စွန့်ပစ်အမှိုက်များကို လျှော့ချနိုင်ပြီး သစ်ပင်များနှင့် ပန်းပွင့်များ၏ ရှင်သန်ဖွံ့ဖြိုးမှုကို အားကောင်းစေကြောင်း သင်တန်းနည်းပြက ဆိုသည်။
စွန့်ပစ်အမှိုက်များဖြင့် ပြုလုပ်ထားသော ကျောင်းသားများ၏ လက်မှုပစ္စည်းများကို တွေ့ရစဉ် (ဆင်ဟွာ)
ထို့နောက် ကျောင်းခန်းမဆောင်ထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကျောင်းသားများ၏ ဖန်တီးမှုပြပွဲနှင့်အတူ၊ အသိပညာပေးအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။ ယင်းကျောင်းသားများ၏ ဖန်တီးမှုများတွင် သေးငယ်သော အိမ်များ၊ ပန်းများ၊ တိရစ္ဆာန်များနှင့် ဥယျာဉ်များ ပါဝင်သည်။ ကျောင်းဝင်းထဲတွင် ရေသန့်ဘူးခွံများ၊ ဖော့များဖြင့် ပြုလုပ်ထားသော ငန်းရုပ်ပုံ ပန်းအိုးတစ်ခုကို ကြည့်ရှုသူများအတွက် မြင်သာထင်သာ ရှိသည်။
အဆိုပါ ကျောင်းသည် ၃ နှစ်တာကာလအတွင်း ခရိုင်အဆင့် “သန့်ရှင်းမှုနှင့် စိမ်းလန်းမှု” ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုနှစ်ကြိမ် ရရှိခဲ့ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူများက ရေသန့်ဘူးခွံများ၊ ကတ်ထူစက္ကူများ၊ တစ်ခါသုံးတူများကို စွန့်ပစ်ခြင်းမပြုဘဲ လက်မှုပညာဖြင့် စာသင်ခန်းသုံး ပစ္စည်းများအဖြစ် ပြောင်းလဲပြုလုပ်ခဲ့ကြသည်။
“အမှိုက်တွေကို ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေထုတ်လုပ်နိုင်ဖို့ သင်ကြားပြီးတဲ့နောက် ကျောင်းသားတွေရဲ့ အမူအကျင့်တွေက တိုးတက်လာခဲ့တယ်” ဟု ဒေါ်ချောစုထွေးကပြောသည်။
“သူတို့တွေက အမှိုက်တွေကို ဂရုတစိုက် ခွဲခြားတယ်။ အဖွဲ့လိုက်လုပ်တယ်၊ အိမ်မှာ လည်း စွန့်ပစ် ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေထုတ်နိုင်ဖို့ လေ့ကျင့်ကြတယ်။ ဒီလို ဖန်တီးမှုတွေ လုပ်ရတာကို သူတို့တွေက ပျော်ကြတယ်” ဒေါ်ချောစုထွေးက ဆိုသည်။
အသက် ၁၂ နှစ်အရွယ်၊ Grade-5 ကျောင်းသူ မမေမြတ်နိုးခင်က ပရောဂျက်တစ်ခုအကြောင်းကို ဂုဏ်ယူစွာ ပြောပြပါသည်။ ဥယျာဉ်အတွက် ငန်းခေါင်း ပုံသဏ္ဍာန် အပင်ပန်းအိုး တစ်လုံးပြုလုပ်ရန် ပလတ်စတစ်ရေသန့်ဘူးများနှင့် ဖော့များကို အသုံးပြုခဲ့ကြောင်း ဆိုသည်။
“သွေးလွန်တုပ်ကွေးလို ရောဂါတွေမဖြစ်ဖို့အတွက် သမီးတို့တွေရဲ့ စာသင်ကျောင်း ကို အမြဲသန့်ရှင်းအောင် ထားရမယ်။ အမှိုက်တွေကနေ လှပတဲ့ ပစ္စည်းလေးတွေကို ဖန်တီးရတာ ကြိုက်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
အသက် ၁၄ နှစ်အရွယ်ရှိ မောင်ရှင်းသန့်ထွန်းက “ကျောင်းမှာတင်မက အိမ်မှာလည်း အမှိုက်ကနေ အသုံးဝင်တဲ့ ပစ္စည်းလေးတွေ လုပ်ဖြစ်ပါတယ်။ ပလတ်စတစ်ဘူးခွံလေးနဲ့ စာရေးကိရိယာထည့်တဲ့ ဘူးလေးတွေ လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့နေတဲ့ လောကကြီးမှာ အမှိုက်တွေက များသထက်များလာရင် လူတွေရဲ့ ကျန်းမာရေးထိခိုက်လာမယ်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမယ်၊ လေထုညစ်ညမ်းမှုတွေ များလာမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ဆရာ၊ ဆရာမများကလည်း ပညာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာရှိကြောင်း ရှုမြင်သုံးသပ်ကြသည်။ အဆိုပါကျောင်းမှ မူလတန်းပြဆရာမတစ်ဦးဖြစ်သူ ဒေါ်ခင်ထားစုအောင်ကလည်း “ ဆရာမကြီးကတော့ အမှိုက်ပုံးတွေက ခွဲထားပေးတာပေါ့။ recycle လုပ်လို့ရတဲ့ အမှိုက်တွေကြတော့ ကလေးတွေကို ဘယ်အမှိုက်ပုံးမှာ အမှိုက်စို၊ အမှိုက်ခြောက် အဲဒီလိုခွဲခြားထားပြီးတော့ recycle လုပ်လို့ရတဲ့ အမှိုက်တွေ၊ ရေသန့်ဘူးခွံ၊ အချိုရည်ဘူးခွံ၊ ပဲနို့ဘူးခွံ အဲဒီလိုမျိုးဟာတွေဆိုရင် ဆေးကြောပြီး ကျောင်းသင်ခန်းစာတွေ သင်တဲ့အခါမှာ လက်တွေ့အသုံးပြုပါတယ်။ ကျွန်မတို့ ကျောင်းသားတွေနဲ့ မြန်မာပြည်မြေပုံ၊ ရေတွင်းတို့ ပန်းတို့ လုပ်ကြပါတယ်” ဟု ပြောသည်။
“ကျောင်းသားတွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ဆန်းသစ်တီထွင်ထားတဲ့ ပစ္စည်းလေးတွေအဖြစ် ဖန်တီးတတ်အောင် သင်ပေးတာက အရေးကြီးပါတယ်။ အမှိုက်ကို စနစ်တကျ အသုံးချရင် အမှိုက်တောင်မှ တန်ဖိုးရှိတယ် ဆိုတာ သူတို့ သိလာတယ်။ အဲဒါက သဘာဝပတ်ဝန်းကျင်ကိုလည်း အကျိုးပြုတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက အဆိုပါ အစီအစဉ်သည် ကျောင်းများမှ မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းများအထိ ပျံ့နှံ့သွားစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
“ပတ်ဝန်းကျင်မှာ ထွက်ရှိလာမယ့် အမှိုက်တွေကို အမှိုက်အမျိုးအစားအလိုက် စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ ရည်ရွယ်ပြီးတော့မှ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၁၅ အခြေခံပညာ အထက်တန်းကျောင်းမှာဆိုရင် အမှိုက်အစိုတွေကနေမှ Bokashi နည်းစနစ်နဲ့ သီးပင်၊ စားပင် စိုက်ပျိုးတဲ့ အသိပညာပေးလေးတွေ လုပ်ခြင်းဖြစ်ပါတယ်။ အမှိုက်အစိုတွေ ထွက်ရှိမှုကို လျော့ကျသွားစေမယ်”ဟု ဦးကျော်နိုင်မိုးကပြောသည်။
“ကျွန်တော်တို့ စွန့်ပစ်ပစ္စည်း ပလတ်စတစ်ဘူးခွံလိုမျိုး၊ ပုလင်းခွံလိုမျိုး အဲဒီကနေမှ တစ်ဆင့် လက်မှုပစ္စည်းလေးတွေ ပြန်လည်ဆန်းသစ် အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ စွန့်ပစ်ပစ္စည်းတွေကို လျော့ကျစေမယ်။ ဒီကနေ့လူငယ်လေးတွေက နောင်တစ်ချိန် ဆုံးဖြတ်ချက်ချမှတ်တဲ့ နေရာကို ရောက်လာတဲ့အခါမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ အသိအမြင်တွေကို စိတ်ထဲမှာ မှတ်မိသိရှိနေခြင်းအားဖြင့် ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍတွေကိုလည်း ထည့်သွင်းဆုံးဖြတ်နိုင်တဲ့ အသိအမြင်တွေလည်း ရရှိစေမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ကျောင်းသားများ၏ လက်ရာများဖြစ်သော စက္ကူမှပြုလုပ်ထားသည့် ပန်းများ၊ ကတ်ထူအိမ်များ၊ ဖော့ဖြင့်ပြုလုပ်ထားသည့် မြေပုံများကို ကျောင်းပြခန်းတွင် ဂုဏ်ယူစွာပြသထားသည်ကို တွေ့ရသည်။ ၎င်း ကျောင်းသား လူငယ်လေးများအတွက် အမှိုက်ဆိုသည်မှာ အမှိုက်သက်သက် မဟုတ်တော့ပေ။ ယင်းမှာ အသုံးဝင်၍ စိမ်းလန်းစိုပြည်လှပခြင်း၏ အစပင်ဖြစ်သည်။ (Xinhua)
#အမှိုက် #အမှတ်၁၅ #သဘာဝပတ်ဝန်းကျင် #Waste #No.15BasicEducationPrimarySchool #Environment