တရုတ်နိုင်ငံ၏ ကျေးလက်‌ဒေသ e-commerce ကဏ္ဍ ဇန်နဝါရီလမှ ဇူလိုင်လတွင် တိုးတက်ပြီး အမျိုးအစားများ ပိုမိုများပြားလာ

Xinhua, August 29, 2025
Size:

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လျိုကျိုးမြို့ လုကျိုက်ခရိုင် တာ့ချွမ်းကျေးရွာတွင် ဒေသထွက်ထုတ်ကုန်များ ရောင်းချရန် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအစီအစဥ်တစ်ခုအတွက် ပြင်ဆင်နေသော ဒေသခံများအား ၂၀၂၃ ခုနှစ် ဇွန် ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန်များ၏ အွန်လိုင်းမှရောင်းချရမှုများ သိသိသာသာတိုးတက်လာခဲ့ခြင်းနှင့်အတူ ကျေးလက်ဒေသ e-commerce ကဏ္ဍမှာ ၂၀၂၅ ခုနှစ် ပထမခုနစ်လတာအတွင်း အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုသို့ ဦးတည်သော တိုးတက်မှုပြသခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဩဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ စိုက်ပျိုးရေးထုတ်ကုန်များ အွန်လိုင်းမှရောင်းချရမှုများမှာ ယမန်နှစ်ကာလတူထက် ၇.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူ ဟယ်ရုန်ချန်းက ပြောကြားခဲ့သည်။ ကျေးလက်ဒေသခံများ၏ တစ်ဦးချင်းပိုလျှံသောဝင်ငွေက ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ၆.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
E-commerce ကဏ္ဍ၌ ကျေးလက်သုံးစွဲမှုအရ ပေးသွင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုအမျိုးအစားများ ပိုမိုများပြားလာကာ အရည်အသွေးမြင့်ပြီး လက်လှမ်းမီသော ထုတ်ကုန်များကို တောင်သူလယ်သမားများ သုံးစွဲခွင့်ရစေကြောင်း ၎င်းက ဆိုသည်။
ကျေးလက်အွန်လိုင်းလက်လီရောင်းအားမှာ ဇန်နဝါရီမှ ဇူလိုင်အထိ ကာလအတွင်း ယမန်နှစ်ကာလတူထက် ၆.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အဆိုပါပြောခွင့်ဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ e-commerce ကို မြှင့်တင်ရန်၊ ကျေးလက်သုံးစွဲမှုကို ပံ့ပိုးရန်နှင့် တောင်သူလယ်သမားများ၏ ဝင်ငွေများ တိုးတက်လာရန် ကြိုးပမ်းလုပ်ဆောင်ချက်များအား အရှိန်မြှင့်မည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။