တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ တရုတ်နိုင်ငံ (ရှန်ဟိုင်းမြို့) ရှေ့ပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန် Lujiazui ဧရိယာအား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်က တွေ့မြင်ရစဥ် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှု အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ၎င်းအရည်အသွေးဆိုင်ရာ တည်ငြိမ်သော တိုးတက်မှု ဆက်လက်မြှင့်တင်ရန် ယုံကြည်မှုရှိပြီး ကောင်းမွန်စွာ ပြင်ဆင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။လက်ရှိတွင် ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုသည် သိသာထင်ရှားသော မသေချာမရေရာမှုများ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများစွာကလည်း စည်းကြပ်ခွန်ဆိုင်ရာ အတားအဆီးများကြောင့် ကမ္ဘာ့ကုန်သွယ်မှုကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်လာသည့်အကြောင်း မှတ်ချက်ပြုထားကြကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်ရုန်ချန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါစည်းကြပ်ခွန်ဆိုင်ရာ အတားအဆီးများက ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ ထိရောက်မှုနှင့် တည်ငြိမ်မှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့ပြီး ကမ္ဘာ့ကုန်သွယ်မှုကို ကျဆင်းစေနိုင်သည့် အလားအလာများ ဖြစ်ပေါ်စေကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ယင်းအခြေအနေ၌ တရုတ်နိုင်ငံက အဆင့်မြင့် တံခါးဖွင့်မှု ချဲ့ထွင်ခြင်း မူဝါဒကို ဆက်လက်စွဲကိုင်ထားမည်ဖြစ်ပြီး ၎င်း၏ နိုင်ငံ့ရေးရာများကို မမှိတ်မသုန် တည်ကြည်ခိုင်မာစွာ စီမံခန့်ခွဲကာ အမျိုးမျိုးသော မသေချာမရေရာမှုများအား သေချာရေရာသော အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုဖြင့် ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
“စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ဖြေရှင်းပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေ မျှဝေဖို့ နောက်ထပ်ကုန်သွယ်ဖက်တွေနဲ့ လက်တွဲဖို့လည်း အသင့်ရှိပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ပထမခုနစ်လတာတွင် တရုတ်နိုင်ငံ၏ ကုန်စည်ကုန်သွယ်မှု စုစုပေါင်းမှာ ယွမ် ၂၅.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၆ ထရီလီယံခန့်) ရှိပြီး ယမန်နှစ်ကာလတူထက် ၃.၅ ရာခိုင်နှုန်း တိုးတက်လာကာ ယခုနှစ် ပထမနှစ်ဝက်ထက် ၀.၆ ရာခိုင်နှုန်း အရှိန်အဟုန် တိုးတက်လာကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာနက နောက်ဆုံးထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။