မီဒီယာများပူးတွဲသတင်းယူခြင်းနှင့် အာဆီယံမိတ်ဖက် မီဒီယာနှီးနှောဖလှယ်ပွဲစတင်ခြင်းအခမ်းအနားကို ဩဂုတ်လ ၁၈ရက်နေ့က တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ စန်းယာ့မြို့၊ China Media Group စန်းယာ့အခြေစိုက်စခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဟိုင်နန်ပြည်နယ် အမြဲတမ်းကော်မတီဝင်၊ ပြန်ကြားရေးဌာန ခေါင်းဆောင် Mr ဝမ်ပင်း၊ China Media Group (အာရှ-အာဖရိက)ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms ကျန်းဟွေးနှင့် အာဆီယံနိုင်ငံများမှ မီဒီယာမိတ်ဆွေများနှင့် ဖိတ်ကြားထားတဲ့မိတ်ဆွေများတက်ရောက်ကြပါတယ်။
အခမ်းအနားမှာ တရုတ်ကွန်မြူနစ်ပါတီ ဟိုင်နန်ပြည်နယ် အမြဲတမ်းကော်မတီဝင်၊ ပြန်ကြားရေးဌာန ခေါင်းဆောင် Mr ဝမ်ပင်းက မိန့်ခွန်းပြောကြားရာမှာ လက်ရှိမှာ ဟိုင်နန်လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း တည်ဆောက်မှုလုပ်ငန်းက ကောင်းမွန်တဲ့တိုးတက်မှုများ ရှိနေပြီး ပုံသဏ္ဌာန်ပြည့်မီကာ အရှိန်ရလာနေပြီဖြစ်ကြောင်း၊ မကြာခင်မှာ သီးခြားလွတ်လပ်သော အကောက်ခွန်လုပ်ငန်းဆောင်ရွက်မှု အဆင့်သစ်ကို ရောက်ရှိလာတော့မှာဖြစ်ကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ နယ်စပ်ဖြတ်ကူးငွေကြေးစီးဆင်းမှု၊ လူအဝင်အထွက်၊ လွတ်လပ်စွာ သယ်ယူပို့ဆောင်ရေးနဲ့ စနစ်တကျ ဒေတာစီးဆင်းမှု လုံခြုံရေးတို့ကို အလေးထားတဲ့ လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်း မူဝါဒအဖွဲ့အစည်းနှင့်စည်းစနစ်တို့ကို အခြေခံအားဖြင့် တည်ဆောက်ပြီးစီး နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
China Media Group (အာရှ-အာဖရိက)ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms ကျန်းဟွေးက အမှာစကားပြောကြားရာမှာ အရှေ့တီမော နိုင်ငံက မကြာမီ အာဆီယံအဖွဲ့ရဲ့ တရားဝင်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတော့မှာကိုလည်း ကြိုတင်ဂုဏ်ပြုကြောင်း၊ China walk ဟိုင်နန်ခရီးစဉ်” မီဒီယာလှုပ်ရှားမှုက “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်မှု ယန္တရားကို လက်တွေ့ဖော်ဆောင်ဖို့ နမူနာ ဖြစ်ရုံသာမက တရုတ်-အာဆီယံ အေးအတူပူအမျှအသိုက်အဝန်းရဲ့ ပူးပေါင်းအင်အားကို ဖော်ဆောင်တာလည်း ဖြစ်လာဖို့ ပိုမိုမျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် မလေးရှားနိုင်ငံပိုင် အသံလွှင့်ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဆူဟိုင်မီ ဆူလေမန် က ဗီဒီယိုဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားပါတယ်။
၂၀၂၅ ခုနှစ် China Walk ဟိုင်နန်ခရီးစဉ် ကိုဩဂုတ်လ ၁၈ ရက်နေ့မှ ၂၃ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ဟိုင်နန်ပြည်နယ်တစ်ဝန်းရှိ အထင်ကရ နေရာများရဲ့ ဖွံ့ဖြိုးတိုးတက်မှုများကိုလေ့လာသွားကြမှာ ဖြစ်ပါတယ်။ ဟိုင်နန်ပြည်နယ်ဟာ တရုတ်နိုင်ငံရဲ့တစ်ခုတည်းသော အပူပိုင်းဇုန် ကျွန်းပြည်နယ်တစ်ခုဖြစ်ပြီး တစ်မူထူးခြားတဲ့ သဘာဝအရင်းအမြစ်များနဲ့ နက်ရှိုင်းတဲ့ ယဉ်ကျေးမှု အနှစ်သာရရှိပါတယ်။ ဟိုင်နန်ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေးဆိပ်ကမ်းလည်းဖြစ်ပြီး “စည်းကြပ်ခွန် ကောက်ခံမှုမရှိခြင်း” နဲ့ “အခွန်နှုန်းနည်းခြင်း” မူဝါဒနှင့် ကမ္ဘာ့ရှေ့ပြေး တံခါးဖွင့်လှစ်မှုအစီအမံတွေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ကုန်းမြင့်အသစ်ကို ဖန်တီးတည်ဆောက်နေကြောင်းသတင်းရရှိပါတယ်။