၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် အန်းနင်မြို့တွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆတ်ငီယမ်ဖုန်နှင့်အတူ သတင်းထောက်များကို တွေ့ဆုံစဥ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အနာဂတ်အလားအလာကို မျှော်မှန်း၍ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဝမ်ရိက လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ လာမည့်ဆယ်စုနှစ် အနာဂတ်အလားအလာ ကောင်းမွန်ကြောင်း၊ ပထမအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား တည်ဆောက်ရေးကို ပြည့်စုံကောင်းမွန်စေရန်၊ ဒုတိယအနေဖြင့် စီးပွားရေး တစ်သားတည်းအသွင် လုပ်ငန်းစဥ်များ အရှိန်မြှင့်တင်ရန်၊ တတိယအနေဖြင့် ဒေသဆိုင်ရာညှိနှိုင်းစီမံခန့်ခွဲမှုကို ရှာဖွေဖော်ဆောင်ရန်၊ စတုတ္ထအနေဖြင့် လန်ချန်း-မဲခေါင် မိသားစုကြီးအသိကို ပြုစုပျိုးထောင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆယ်စုနှစ် ခရီးစဉ်သစ် တက်လှမ်းပြီဖြစ်သော်လည်း မူလရည်ရွယ်ချက်သည် ကျောက်တုံးပမာ ခိုင်မြဲနေဆဲဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံများသည် အားလုံးလက်ခံပါဝင်သောသဘောထားကြီးမှု၊ ပွင့်လင်းသောသဘောထားနှင့် စည်းလုံးညီညွတ်သောစိတ်ဓာတ်ဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အရှိန်မြှင့်တင်မည်ဖြစ်ပြီး မိမိတို့၏ ဘုံမိသားစုဥယျာဉ်ကို ကောင်းမွန်အောင် ထိန်းသိမ်းတည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားသည်။