တရုတ်၊လာအို၊မြန်မာ၊ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံပွဲကို ကျင်းပ

CGTN, August 21, 2025
Size:

ဩဂုတ်လ ၁၅ရက်နေ့က ယူနန်ပြည်နယ် အန်နင်းမြို့တွင် တရုတ်၊လာအို၊မြန်မာ၊ ထိုင်းတို့သည် နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲကို ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၊ လာအိုနိုင်ငံခြားရေးဝန်ကြီး Thongsavanh၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Marisတို့သည် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

ဝမ်ယိက  မြန်မာနိုင်ငံသားများ၏အရေးကိစ္စများကို  မြန်မာပြည်သူများက ဦးဆောင်ပြီး   မြန်မာပြည်သူလူထု၏ရွေးချယ်မှုကို ထောက်ခံကာ ဆွေးနွေးခြင်းဖြင့် သဘော ထား ကွဲလွဲမှုကို သင့်လျော်စွာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ အာဆီယံ၏ ကြားဝင် ဖျန်ဖြေမှုနှင့် အိမ်နီးချင်း နိုင်ငံများ၏ အထောက်အကူပြုမှုကို အားပြုပြီး အာဆီယံအဖွဲ့ကို အဓိကလမ်းကြောင်း အဖြစ်ထား၍ တရုတ်၊လာအို၊မြန်မာ၊ထိုင်း နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲနှင့်မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးစသည့် စနစ် များကို ကောင်းမွန်စွာအသုံးပြုရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြီး မြန်မာ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း ကောင်းမွန်တိုးတက်စေရေး၊ ငလျင်အပြီး ပြန်လည် တည်ဆောက် ရေးနှင့်နယ်ပယ် အသီးသီးတွင် ပြည်သူများကို  အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများ အား   မြှင့်တင်ရန် ထောက်ခံ ရမည် ဖြစ်ကြောင်း၊ ဒေသတွင်း တည်ငြိမ်ရေးကို အနှောင့် အယှက် ဖြစ်စေသော ပြင်ပ အင်အားစုများ၏ မသင့်လျော်သောဝင်ရောက်စွက်ဖက်မှုများကို သတိထားရန် လိုအပ်ကြောင်း   ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင်    အိမ်နီးချင်းကောင်းများ ဖြစ်ကြသည့် တရုတ်၊လာအို၊ထိုင်းတို့၏ ထောက်ခံ အားပေးမှုနှင့် ပံ့ပိုးကူညီမှု အတွက် ကျေးဇူး တင်ရှိကြောင်း၊ မြန်မာနိုင်ငံသည်  ပြည်တွင်း ငြိမ်းချမ်းရေးနှင့်  ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုများဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ထားပြီး  ယခုနှစ်ကုန်တွင် ပွင့်လင်း မြင်သာမှု ရှိသော အထွေထွေ ရွေးကောက်ပွဲကို ကျင်းပရန် တက်ကြွစွာ ပြင်ဆင်လျက်ရှိပြီး နိုင်ငံတော် အာဏာအား ပြည်သူများထံ ပြန်လည်အပ်နှင်းရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား ခဲ့ပါသည်။