မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၃) ပံ့ပိုးမှုဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားသို့ တက်ရောက်လာသူများကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်ရှိ ဝေးလံခေါင်သီလှသော ကျေးရွာလေး ဖြစ်သည့် ကံဆိပ်ကျေးရွာ၏ တစ်ချိန်တစ်ခါက ညအချိန်များမှာ မှောင်မိုက်အတိပင်ဖြစ်သည်။ ကျေးလက်နေမိသားစုများက ထမင်းဟင်းချက်ပြုတ်ရာတွင် ထင်းမီးဖိုများအသုံးပြုရသလို နေဝင်ပြီးနောက် အခြေခံလုပ်ငန်းများလုပ်ဆောင်ရန် မီးအိမ်များကို အမှီပြုအသုံးပြုရခြင်း ဖြစ်သည်။
ကံဆိပ်ကျေးရွာသားများ၏ အလှမ်းဝေးလှသော အိပ်မက်တစ်ခုမှာ အချိန်မရွေး လျှပ်စစ်မီးရရှိရေးပင် ဖြစ်သည်။ယခုမူကား လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (LMC) အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းကြောင့် ကံဆိပ်ကျေးရွာရှိ အိမ်ခြေ ၁၅၀ ခန့်မှာ လျှပ်စစ်မီးနှင့် သန့်ရှင်းသောရေများ ရရှိနေကြပြီဖြစ်သည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ ဧရာဝတီတိုင်းဒေသကြီးရှိ ကျေးရွာ ၁၁,၈၆၀ ရွာအနက် ၂,၉၈၄ ရွာမှာ လျှပ်စစ်မီးရရှိနေပြီဖြစ်သည်။ ကျေးရွာ ၂,၉၂၇ ရွာမှာ အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်းကွန်ရက်နှင့် ချိတ်ဆက်ထားပြီး ၅၇ ရွာမှာ ဓာတ်အားလိုင်းကွန်ရက်ခွဲစနစ်များဖြစ် ဆောင်ရွက်ပေးလျက်ရှိသည်။
ကံဆိပ်ကျေးရွာရှိ အိမ်ထောင်စုများအတွက်မူ နေ့စဉ်လူမှုဘဝမှာ ရုန်းကန်မှုနှင့် အသားကျနေပြီဖြစ်သည်။ ထင်းများကို စုဆောင်း၊ ဝယ်ယူရသလို ရေနံဆီမီးအိမ်များနှင့် ဘက်ထရီများကိုလည်း မကြာခဏ လဲလှယ်ရကာ ကလေးငယ်များမှာ မီးရောင်မှိန်မှိန်အောက်တွင် စာကျက်မှတ်လေ့လာကြရသည်။
“အဲဒါတွေက အချိန်ရော ကြိုးစားလုပ်ကိုင်ရတာတွေရော အများကြီးလုပ်ရပါတယ်။ ကျွန်မတို့ ပင်ပန်းကြရတယ်” ဟု အသက် ၄၃ နှစ်အရွယ် ဒေါ်စန်းစန်းရင်က ဆိုသည်။ ကံဆိပ်ကျေးရွာတွင် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း အောင်မြင်ပြီးမြောက်ခြင်းက အရာအားလုံးကို ပြောင်းလဲပေးလိုက်သည်။
လျှပ်စစ်မီး အချိန်ပြည့်ရရှိခြင်းနှင့်အတူ ဒေသခံရွာသူရွာသားများသည် ထင်းမီးများနေရာတွင် လျှပ်စစ်မီးဖိုများနှင့် မုန့်ဖိုများကို အစားထိုးအသုံးပြုလာကြပြီဖြစ်သည်။ ယခုအခါ အစားအစာများကို ရေခဲသေတ္တာများတွင်လည်း သိုလှောင်သိမ်းဆည်းနိုင်ပြီဖြစ်သည်။
ထို့ပြင် ဂဟေဆော်သည့်လုပ်ငန်းများနှင့် ရေခဲမုန့်ထုတ်လုပ်သည့် လုပ်ငန်းများ စသည့် အသေးစား စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း မီးစက်မလိုတော့ဘဲ လုပ်ငန်းလည်ပတ်လာနိုင်သလို ဒေသခံအလုပ်အကိုင်များကို ဖန်တီးပေးနိုင်ပြီ ဖြစ်သည်။
ဈေးဆိုင်များမှာလည်း အလားတူပင် ခေတ်နှင့် လျော်ညီလာပြီဖြစ်သည်။ ကျေးရွာစာသင်ကျောင်းအနီး စတိုးဆိုင်ဖွင့်ထားသူ အသက် ၅၈ နှစ်အရွယ် ဦးကျော်လင်းက ရေခဲကို အခြားမြို့များမှ ဝယ်ယူရလေ့ရှိသူဖြစ်သည်။ “အခုဆိုရင်တော့ ကျွန်တော်တို့မှာ ကိုယ်ပိုင် ရေခဲသေတ္တာရှိပြီလေ။ ရေခဲထုပ်တွေကို ကိုယ်တိုင်သိမ်းဆည်းနိုင်သလို ပြန်ရောင်းလို့လည်း ရနေပြီ” ဟု ပြောပြခဲ့သည်။
ညဘက်အချိန်လည်း လမ်းမီးတိုင်များ၏ အလင်းရောက်အောက်တွင် ဘေးကင်းကင်းဖြင့် လမ်းလျှောက်သွားလာနိုင်ပြီဖြစ်သည်။ ထိန်လင်းသော မီးအလင်းရောင်အောက်ဝယ် ကျောင်းသား၊ ကျောင်းသူများ ပညာလေ့လာနိုင်သလို လူငယ်များအနေဖြင့်လည်း စွမ်းရည်အသစ်များ လေ့လာဆည်းပူးနိုင်ရန် အင်တာနက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဤစီမံကိန်းသည် ဒေသခံတောင်သူလယ်သမား ၇၅၀ ဦးအား အချိန်ပြည့် လျှပ်စစ်မီးနှင့် ရေရရှိရေးကို ဖြေရှင်းပေးနိုင်ခဲ့ကာ ဒေသတွင်းစီးပွားရေး အားကောင်းရန် အထောက်အကူပြုပေးလျက်ရှိသလို ကျေးရွာ၏ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားပေးမြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လျှပ်စစ်မီးရရှိခြင်းသည် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးကို ကြီးမားစွာ မြှင့်တင်ပေးလျက်ရှိပြီး ရေပေးဝေရေးစနစ်သစ်ကလည်း ရေကြောင့်ဖြစ်ပွားသော ရောဂါများအား ကာကွယ်ရာ၌ အထောက်အကူပြုပေးနိုင်ကာ ရပ်ရွာလူထုအတွက် ပိုမိုကောင်းမွန်သော ပြည်သူ့ကျန်းမာရေးရလဒ်များ မြှင့်တင်ပေးနိုင်ကြောင်း ၎င်းက ထပ်လောင်းပြောခဲ့သည်။
ထို့ပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးလှမိုးကလည်း တရုတ်နိုင်ငံ အစိုးရ၏ စိတ်ရင်းစေတနာကြီးမားသော ပံ့ပိုးကူညီမှုအား လွန်စွာကျေးဇူးတင်ရှိကြောင်း၊ ယခုလို ကူညီပံ့ပိုးမှုက ကျေးရွာ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှုကို စီမံကိန်းအားဖြင့် မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်စီမံကိန်းတွေမှာ မိတ်ဖက်ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
#LMC #SpecialFund #SolarPowerProject #KanSeikVillage #လန်ချန်း_မဲခေါင်ပူးပေါင်းဆောင်ရွက်မှု #အထူးရန်ပုံငွေ #ဆိုလာအသေးစားဓာတ်အားပေးစနစ် #ကံဆိပ်ကျေးရွာ