ယခုလ ၁၄ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယူနန်ပြည်နယ် အန်းနင်တွင် ၁၀ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းအရ သိရသည်။
ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက ယခုနှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် ၇၅နှစ် ပြည့်မြောက်သည့် နှစ် ဖြစ်ကြောင်း၊ နှစ်နိုင်ငံတို့သည် ယင်းကို အခွင့်ကောင်း အဖြစ် မှတ်ယူပြီး တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်ရေးကို အထောက်အကူပြုစေသင့်ကြောင်း၊ တရုတ် နိုင်ငံသည် မြန်မာ ပြည်တွင်း နိုင်ငံရေး ဖြစ်စဉ်ကို တွန်းအားပေးရန် မြန်မာဘက်အား အားပေးထောက်ခံပြီး မြန်မာ နိုင်ငံအား အားပေးထောက်ခံမှုနှင့် ကူညီပံ့ပိုးမှုများကို ယခင်ကလို တစ်လျှောက်လုံး လက်လှမ်းမှီသလောက် ပေးအပ်မည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံသည် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တစ်ဆင့်တိုး အားကောင်းစွာ တိုက်ဖျက်ပြီး နှစ်နိုင်ငံ နယ်စပ်ဒေသ အေးချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာ နိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်း သာရှိရေးမူဝါဒကို ခိုင်မာစွာ စွဲကိုင်ကျင့်သုံးပြီး ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၃ရပ်ကို အားပေးထောက်ခံကာ မြန်မာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ငလျင်ဘေးဒဏ် အပြီးတွင် ပြန်လည်ထူထောင်ရေး အတွက် တရုတ်ပြည်မှ အဖိုးတန်သည့် အားပေးထောက်ခံ မှုနှင့် ကူညီပံ့ပိုးမှုများ ပေးအပ်ခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ နိုင်ငံသည် နိုင်ငံတော် အရေးပေါ် အခြေအနေကို ရုပ်သိမ်းပြီးဖြစ်ကာ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို တက်ကြွစွာ ပြင်ဆင်နေကြောင်း၊ ယခုအကြိမ် ရွေးကောက်ပွဲကို ဘေးကင်း လုံခြုံပြီး တည်ငြိမ်ချောမွေ့စွာ ကျင်းပကာ ယုံကြည်စိတ်ချရသောရလဒ်ကို ရရှိရန် အားထုတ်ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။