ကမ္ဘောဒီးယားနိုင်ငံမှ လတ်ဆတ်သော ဒူးရင်းသီးများအား တရုတ်နိုင်ငံသို့ လေကြောင်းမှ ပထမဦးဆုံးတင်ပို့မှုကို ဩဂုတ် ၈ ရက်က စတင်ခဲ့ကြောင်း ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ကမ္ဘောဒီယားနိုင်ငံသည် လတ်ဆတ်သော ဒူးရင်းသီး နှစ်တန်ကို ကမ္ဘောဒီးယားအမျိုးသားလေကြောင်းလိုင်း Air Cambodia မှတစ်ဆင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်သို့ တင်ပို့လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Buon Sarakmony က ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယားကနေ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်ကို လေးနာရီပဲကြာတာကြောင့် လတ်ဆတ်တဲ့ ဒူးရင်းသီးတွေကို လေကြောင်းကနေ တင်ပို့တာက ထိရောက်တဲ့နည်းလမ်းတစ်ခုလို့ ကျွန်တော်ထင်ပါတယ်” ဟု အဆိုပါသတင်းထုတ်ပြန်မှု အခမ်းအနားတွင် သတင်းထောက်များအား Sarakmony က ပြောကြားခဲ့သည်။ “ဒါကြောင့် တရုတ်စားသုံးသူတွေဟာ ကျွန်တော်တို့ဒူးရင်းသီးတွေရဲ့ လတ်ဆတ်မှုကို ခံစားကြရမှာပါ” ဟုလည်း ၎င်းက ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၎င်းတို့နိုင်ငံမှ လတ်ဆတ်သော ဒူးရင်းသီးများကို ဇူလိုင်လလယ်မှစ၍ တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခဲ့ခြင်း ဖြစ်သည်။အရှေ့တောင်အာရှနိုင်ငံဖြစ်သော ကမ္ဘောဒီးယားနိုင်ငံသည် ဧရိယာဟက်တာ ၁၁,၀၀၀ ကျော်တွင် ဒူးရင်းပင်များကို စိုက်ပျိုးထားပြီး တစ်နှစ်လျှင် လတ်ဆတ်သော ဒူးရင်းသီး တန်ချိန် ၁၂၀,၀၀၀ ကျော် ထွက်ရှိကြောင်း ကမ္ဘောဒီးယားစိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒူးရင်းသီးသည် ငှက်ပျောသီး၊ သရက်သီး၊ လုံဂန်သီး (longan) နှင့် အုန်းသီးပြီးနောက် တရုတ်ဈေးကွက်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိမည့် ကမ္ဘောဒီးယားနိုင်ငံ၏ ပဉ္စမမြောက် လတ်ဆတ်သောသစ်သီးမျိုး ဖြစ်ကြောင်း သိရသည်။