တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပသော ဒုတိယအကြိမ် အာဆီယံနိုင်ငံ လွှတ်တော်အမတ်များ နှီးနှောဖလှယ်မှုသင်တန်း အနှစ်ချုပ် အစည်းအဝေးအား ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဒုတိယအကြိမ် အာဆီယံနိုင်ငံ လွှတ်တော်အမတ်များ နှီးနှောဖလှယ်မှုသင်တန်းကို ဩဂုတ် ၅ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပပြီးစီးခဲ့သည်။
ယခုအကြိမ် နှီးနှောဖလှယ်မှုသင်တန်းကို “ဥပဒေပြုဌာနအဖွဲ့အစည်းများကြား ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေး၊ ပိုမိုနီးကပ်သော တရုတ်-အာဆီယံ အေးအတူပူအမျှ အသိုက်အဝန်း တွန်းအားပေး တည်ဆောက်ရေး” ဟူသော ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ် အာဆီယံနိုင်ငံ ၅ နိုင်ငံတို့မှ လွှတ်တော်အမတ်နှင့် အဆင့်မြင့်အရာရှိ ၂၃ ဦး တက်ရောက်ခဲ့ကြသည်။
နှီးနှောဖလှယ်မှုသင်တန်းအဖွဲ့ဝင်များသည် တရုတ်နိုင်ငံ ပေကျင်း၊ နန်ကျင်းနှင့် ကူမင်းမြို့များသို့ ဆက်တိုက်ကြည့်ရှုလည်ပတ်ခဲ့ပြီး ကျေးလက်ဒေသ ရှင်သန်ဖွံ့ဖြိုးရေး၊ အပြန်အလှန်ချိတ်ဆက်မှု၊ အဆင့်မြင့်နည်းပညာအသစ်များ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ယဉ်ကျေးမှုခရီးသွားလုပ်ငန်းနှင့် အခြေခံအလွှာ ဥပဒေပြုဆက်သွယ်ရေးနေရာ စသည့်စီမံကိန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တရုတ်နိုင်ငံ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၏ စစ်မှန်သော ရုပ်ပုံလွှာကို ဘက်စုံနားလည်သိရှိခဲ့သည်။ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ဂေဟယဉ်ကျေးမှု တည်ဆောက်မှုဆိုင်ရာ အတွေ့အကြုံနှင့် လုပ်ဆောင်မှုဆိုင်ရာ ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲများကို ပါဝင်တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ သက်ဆိုင်ရာအစိုးရဌာန တာဝန်ခံများ၊ ပညာရှင်များနှင့် နက်နက်ရှိုင်းရှိုင်း နှီးနှောဖလှယ်မှုများ ပြုလုပ်ခဲ့သည်။
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် တောတောင်ရေမြေစပ်ဆက်နေခြင်း၊ ယဉ်ကျေးမှု အပြန်အလှန်ချိတ်ဆက်ခြင်း၊ ကံကြမ္မာချင်း ချည်နှောင်ထားခြင်းဖြစ်ရာ ချစ်ကြည်ရင်းနှီးမှုမှာလည်း သမိုင်းကြောင်း ရှည်လျားလှကြောင်း၊ အားလုံး၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် နှစ်ဖက် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုသည် အဆက်မပြတ် တည်ငြိမ်စွာ ရေရှည်ရှေ့ဆက်လျှောက်လှမ်းကြမည်ဖြစ်ပြီး အာရှတိုက် ငြိမ်းချမ်းတည်ငြိမ်ရေး၊ သာယာဝပြောဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်မှုအတွက် ပိုမိုကြီးမားသောအခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယညွှန်ကြားရေးမှူး ရန့်ကျွင်းဟောက်က အနှစ်ချုပ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။