ယခုနှစ် ဒုတိယနှစ်ဝက် စီးပွားရေးကဏ္ဍလုပ်ငန်းများကို ကောင်းမွန်စွာ စီမံဖြန့်ကြက်ထားရန် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အမြဲတမ်းအလုပ်အမှုဆောင် အစည်းအဝေး၌ တိုက်တွန်း

Xinhua, August 8, 2025
Size:

ယခုနှစ် ဒုတိယနှစ်ဝက်တွင် စီးပွားရေး ပြန်လည်ဦးမော့လာသည့် အရှိန်အဟုန်ကို မြှင့်တင်ရန်နှင့် ပိုမိုခိုင်မာအောင် စီမံဖြန့်ကြက်လုပ်ဆောင်ရန် ဇူလိုင် ၃၁ ရက်က ကျင်းပသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အမြဲတမ်း အလုပ်အမှုဆောင် အစည်းအဝေး၌ တိုက်တွန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် အဆိုပါ အစည်းအဝေး၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ လက်ရှိ စီးပွားရေးအခြေအနေနှင့် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်အတွက် စီးပွားရေးလည်ပတ်မှုဆိုင်ရာ အစီအမံများနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည့် အရေးကြီးမိန့်ခွန်း၌ ပါဝင်သော မူဝါဒလမ်းညွှန်ချက်များအား လေ့လာကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
CPC ဗဟိုကော်မတီ၏ စီးပွားရေးအခြေအနေအပေါ် သိပ္ပံနည်းကျ အကဲဖြတ်မှုအား ကောင်းစွာနားလည်သဘောပေါက်မှုကို မြှင့်တင်ရန်၊ ဒုတိယနှစ်ဝက် စီးပွားရေးကဏ္ဍ လုပ်ငန်းများကို ကောင်းမွန်စွာ စီမံဆောင်ရွက်မှု၏ သမိုင်းပေးတာဝန်နှင့် တာဝန်ယူမှုအား တစ်ဆင့်တိုး မြှင့်တင်ရန်လိုအပ်ကြောင်း ယင်းအစည်းအဝေး၌ အလေးထားဆွေးနွေးခဲ့သည်။
နှစ်အလိုက် ဖွံ့ဖြိုးမှုရည်မှန်းချက်များနှင့် လုပ်ငန်းတာဝန်များကို ဦးတည်ပစ်မှတ်ထားလျက် မက်ခရိုစီးပွားရေး မူဝါဒများ ထိရောက်မှုရှိအောင် မြှင့်တင်ရန်၊ စီးပွားရေးဖွံ့ဖြိုးမှု ပြည်တွင်းအရင်းအမြစ် စွမ်းအားကို နှိုးဆွပေးရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှုအား ပိုမိုမျှတကောင်းမွန်စွာ ချိန်ညှိဆောင်ရွက်ရန် ပိုမိုကြိုးပမ်းအားထုတ်သင့်ကြောင်း ထိုအစည်းအဝေး၌ ပြောကြားခဲ့သည်ဟု သိရသည်။
ထို့ပြင် အစည်းအဝေးတွင် ဉာဏ်ရည်တု နည်းပညာအား ကျယ်ကျယ်ပြန့်ပြန့် စီးပွားဖြစ်အသုံးပြုမှု မြှင့်တင်ရေး အဆိုပြုချက်အား ပြန်လည်သုံးသပ်ကာ အတည်ပြုခဲ့ပြီး တစ်ကိုယ်ရေ စားသုံးမှုဆိုင်ရာ ချေးငွေများနှင့် ဝန်ဆောင်မှုကဏ္ဍမှ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေတို့အပေါ် အတိုးနှုန်း လျှော့ပေါ့မှုဆိုင်ရာ မူဝါဒများ အကောင်အထည်ဖော်ခြင်းအား အသေးစိတ် ပြင်ဆင်ဆောင်ရွက်ခဲ့သလို စိုက်ပျိုးမြေများကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် အရည်အသွေး မြှင့်တင်ခြင်းဆိုင်ရာ ဥပဒေမူကြမ်း တစ်စောင်ကိုလည်း မူအားဖြင့် သဘောတူခဲ့ကြောင်း သိရသည်။